စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်သံဃာအပါအဝင် အရပ်သား လေးဦးသေဆုံး၊ ၂၀ကျော်ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ၌ ၂၀၂၂ ဒီဇင်ဘာအတွင်း တိုက်ပွဲပေါင်း ၃၀၆ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၂၁၇ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် BGF (၁၇၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့ဝင် ၉ဦးကျဆုံးခဲ့ပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့ပြင် စစ်ကောင်စီတပ်များနှင့် BGFများက ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပြည်သူလူထုပိုင် နေအိမ်နှင့် စပါးကျီများ ပျက်စီးခဲ့ရမှု၊ အိမ်မွေးတိရိစ္ဆာန်များထိခိုက်မှု အခြေအနေများကိုဖော်ပြခဲ့သည်။ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက် ကြီး ပစ်ခတ်မှုများကြောင့် ကလေးငယ် အပါအဝင် အရပ်သား လေးဦး ထက်မနည်းသေဆုံးကာ ၂၆ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

Public Service Announcement
သထုံခရိုင် တပ်မဟာ(၁)နယ်မြေ၌ နေအိမ် ၁၄ လုံး နှင့် စပါးကျီ လေးလုံး ထိခိုက်ပျက်စီးခဲ့ရပြီး အသက်(၁၃)နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် အခြားအမျိုးသမီးတစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။ ထို့ပြင် နနွား ၆ကောင်အပါအဝင် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးခဲ့သည်ဟုဆိုသည်။
တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေတွင်လည်း ပြည်သူလူထု၏ နေအိမ် တစ်လုံး ပျက်စီးခဲ့ရပြီး အပြစ်မဲ့အရပ်သား ပြည်သူ တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ကျေးရွာများသို့ လေကြောင်းမှ ဗုံးသုံးလုံးကြဲချခဲ့ကြောင်း ထုတ်ပြန်သည်။
ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေတွင် ပြည်သူလူထု၏နေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့ရပြီး အသက် (၇)နှစ် အရွယ် မိန်းကလေး တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ရကာ အသက် (၁၀) နှစ်အရွယ် မိန်းကလေး တစ်ဦး၊ (၁၅) နှစ်အရွယ် ယောကျ်ားလေး တစ်ဦး နှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ပြည်သူလူထုများနေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင် များအတွင်းသို့ တိုက်ခိုက်ရေး လေယာဉ် (၅)စင်း၊ တိုက်ခိုက်ရေး Drone (၂) စင်းတိုဖြင့် နေရာ သုံးနေရာအား ဗုံး (၈)လုံးခန့် ကြဲချခဲ့ပြီး နေအိမ် နှစ်လုံး၊ ရွှေဆိုင် ၁ဆိုင်နှင့် ဆိုင်ကယ်ပြင်ဆိုင် တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်သည်။
မြိတ် – ထာဝယ်ခရိုင် တပ်မဟာ (၄)အုပ်ချုပ်နယ် မြေတွင် စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ် နှစ်လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
မူတြော်ခရိုင် တပ်မဟာ (၅)အုပ်ချုပ်နယ်မြေတွင် ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက်ကြီး အလုံး (၁၀၀)ကျော်ပစ်ခတ်ခဲ့သောကြောင့် အသက် (၁၃) နှစ်အရွယ် မိန်းကလေး တစ်ဦး ထိမှန် သေဆုံးခဲ့ရကာ အသက် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ ထို့ပြင် နေအိမ်ပျက်စီးမှု အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်မှုများရှိခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ တစ်ဦးအား လည်း အကြောင်းမဲ့သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ပြည်သလူထုနေထိုင်ရာကျေးရွာနှင့် လုပ်ငန်းခွင်များသို့ လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၇) ကြိမ်ခန့်၊ ဗုံးအလုံးရေပေါင်း (၇၈)လုံး ကြဲချတိုက်ခိုက်ကာ ပစ်ခတ်မှုများ လည်း လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။
တပ်မဟာ(၅)နယ်မြေတွင် ပြည်သူလူထုများပိုင်ဆိုင်သော စပါးကျီ (၁၀)လုံးနှင့် နေအိမ် ကိုးလုံးမှာ မီလောင်ပြာကျခဲ့ရပြီး နေအိမ် (၃၃)လုံးမှာထိခိုက်ပျက်စီးခဲ့ရကြောင်း၊ လေကြောင်းတိုက်ခိုက် မှုကြောင့် ပြည်သူထိခိုက်မှုနှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်မှု ရှိခဲ့ကြောင်း ထုတ်ပြန်သည်။
ကတိုင်တိအခြေစိုက် စစ်ကောင်စီတပ်က သွာခိုလိုရွာနေ အသက် (၁၄)နှစ်အရွယ် ယောကျ်ားလေး တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ငါးဦးအား အကြောင်းမဲ့ဖမ်းဆီးခဲ့သည်ဟုဆိုသည်။ထို့ပြင် ဘောကျိုထာအခြေစိုက် နယ်ခြားစောင့်တပ် (BGF-1013) မှလည်း နိုဃဲထာရွားနေ အမျိုးသမီး တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ သုံးဦးအား ဖမ်းဆီးခဲ့သည်။ ယင်းအနက် အမျိုးသမီးတစ်ဦးအားလွှတ်ပေးကာ ရွာသူကြီးအား ကျန် နှစ်ဦးအား လာရွေးရန်ပြောလိုက်ပြီး ရွာလူကြီးကိုယ်တိုင် လာမရွေးပါက ပြန်မလွှတ်ပေးပါဟု BGFဘက်က ပြောကြောင်း KNUက ထုတ်ပြန်သည်။
ဒူးပလာယာခရိုင် တပ်မဟာ (၆)အုပ်ချုပ်နယ်မြေ၌ စစ်ကောင်စီတပ်က ကျေးရွာများနှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီး (၁၂၅)လုံးကျော် ပစ်ခတ်ခဲ့သောကြောင့် ဦးဇင်း နှစ်ပါး ပျံလွန်တော်မှုခဲ့ရပြီး ဦးဇင်း လေးပါး၊ ကိုရင် တစ်ပါး နှင့် အသက် (၁၀)နှစ်အောက် ကလေးငယ်နှစ်ဦးအပါအဝင် စုစုပေါင်း (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း ထုတ်ပြန်သည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထု၏ နေအိမ် (၂) လုံးမှာမီးလောင်ပြာကျသွားပြီး (၁၉) လုံးမှာ ထိခိုက်ပျက်စီးခဲ့ရကြောင်း အသိပေးထားသည်။ နွားများ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟုဆိုသည်။
လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၁)ကြိမ်ခန့် တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ (၃၀)ထက်မနည်းကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
တိုက်ပွဲများကြောင့် ဒေသခံများ စစ်ရှောင်နေရပြီး နေရပ် ပြန်လည်နေထိုင်လုပ်ကိုင်စားသောက်ခွင့်မရသေးကြောင်း၊ စာနပ်ရိက္ခာများ၊ အဝတ်အစားများ၊ နေရာထိုင်ခင်းအတွက် အမိုးအကာများ၊ ဆေးဝါးများစသည့် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU ကအသိပေးထားသည်။


















































