Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဇန်နဝါရီ၇ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ဖားကန့်နယ် ရှဒူးဇွပ်ဒေသရှိ ရွှေမှော်များ တစ်ပတ်အတွင်း ပိတ်သိမ်းပေးဖို့ KIAထုတ်ပြန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တနိုင်း-လီဒိုလမ်းရှိ ရှဒူးဇွပ်ရွာအနီးရှိ ရွှေမှော်များ ပိတ်သိမ်းဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၂)တပ်ရင်း(၁၄)က စာထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မင်းဇင်သန့်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ နယ်မြေအတွင်းမှ ရွှေမှော်များ ပိတ်သိမ်းဖို့ နယ်မြေအတွင်းမှ ထွက်ခွာဖို့ KIA က အသိပေးထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

KIA ၏ သတိ​ပေးချက်
KIA ၏ သတိ​ပေးချက်

အခုလို စာထုတ်ပြန်ခြင်းမှာ မင်းဇင်သန့်ရဲ့ ပြည်သူ့စစ်က ရွှေမှော်မှ ငွေကြေးများ ကောက်ခံပြီး အင်အားကြီးထွားလာခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ မကြာမီ စစ်ရေးအခြေအနေ အပြောင်းအလဲ ရှိနိုင်လို့ သတိပေးခြင်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အလားတူ KIA တပ်မဟာ(၉) တပ်ရင်း(၆) နယ်မြေဖြစ်တဲ့ ဖားကန့်ခရိုင်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက် မိုင်းခွဲခြင်းကို ည ၁၁ နာရီမှ နံနက် ၁နာရီ အချိန်အတွင်းသာ လုပ်ဆောင်ဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

KIA တပ်ဖွဲ့ဝင်များကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။
ဓါတ်ပုံ-KIA
KIA တပ်ဖွဲ့ဝင်များကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-KIA

▪︎KNU နယ်မြေမှာ ဒီဇင်ဘာအတွင်း တိုက်ပွဲ ၃၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်၂၁၀ ကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေမှာ၂၀၂၂ ဒီဇင်ဘာအတွင်း တိုက်ပွဲပေါင်း ၃၀၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၂၁၇ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။နောက်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နဲ့ BGF (၁၇၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ KNUရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ပြီး ၂၇ ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေးငယ် အပါအဝင် အရပ်သား လေးဦး ထက်မနည်းသေဆုံးကာ ၂၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

KNU တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNU
KNU တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNU

▪︎အင်းတော် စစ်ဆေးရေးဂိတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း အင်းတော်မြို့ပေါ်မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိခဲ့တယ်လို့ အင်းတော်ဒေသခံက ပြောပါတယ်။ အင်းတော်မြို့ ပညာရေးမှူးရုံး အနီးရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်သို့ လာတဲ့ တပ်ဖွဲ့ဝင်များ မိုင်းဆွဲခံခဲ့ရတာပါ။ ရဲလေးယောက် ထိခိုက်မှုရှိပြီး တစ်ယောက်က အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ အင်းတော်ဒေသခံက ပြောပါတယ်။ တိုက်ခိုက်မှုကို ပြောက်ကျားအဖွဲ့အစည်းတစ်ခုက ဆောင်ရွက်ခဲ့တာလို့ Indaw Revolution က ဖော်ပြပါတယ်။

အင်း​တော် PDFတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-IR
အင်း​တော် PDFတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-IR

▪︎စစ်ကိုင်းမှထွက်လာတဲ့ စစ်ကောင်စီယာဉ် နှစ်စီးကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တ​လေးလမ်းမကြီးပေါ်မှာ စစ်ကိုင်းမှ မုံရွာမြို့သို့ထွက်လာတဲ့ စစ်ကောင်စီယာဥ်နှစ်စီးကို မုံရွာ(နမခ)မှ ဂျန်ပါကားနှစ်စီးနဲ့ လာကြိုခဲ့ပေမယ့် ဂျန်ပါကားမရောက်မီ ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးတယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa ရဲ့ တာဝန်ခံ ဒေါင်းကာရံက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက မန္တလေးမှ မုံရွာမြို့သို့လာတဲ့ စစ်ကောင်စီယာဥ်ကြီး နှစ်စီးကို မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဂွေးပင်တောနဲ့ ရေပိုးစားကျေးရွာကြားမှာ ပဒေသာမိုင်း ငါးလုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့် ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်စဥ် ဒုတိယမြောက်အစီးကို ထိထိမိမိ ဆွဲလိုက်နိုင်ပြီး နောက်ထပ် ၃ မိနစ်ခန့်အကြာမှာ ကျန်တစ်စီးကို ပဒေသာမိုင်း ငါးလုံးတွဲနဲ့ ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ကားပေါ်ပါ စစ်ကောင်စီတပ်သားများအနက် သုံးဦးသေဆုံးပြီး အများအပြား စစ်ဆေးရုံမှာ အရေးပေါ်ကုသ​နေရတယ်လို့ သိရပါတယ်။

▪︎အဓမ္မငွေတောင်းခံနေတဲ့ စည်ပင်နဲ့ လျှပ်စစ်ရုံးကို တချိန်တည်း ပစ်ခတ်သတိပေး

မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ အဓမ္မငွေတောင်းခံနေတဲ့ မြို့နယ်စည်ပင်ရုံးနဲ့ လျှပ်စစ်ရုံးကို မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အဖွဲ့ခွဲကာ တစ်ချိန်တည်း ပစ်ခတ်သတိပေးခဲ့တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ Chauk Guerilla Force ဒုတိယခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။ ဇန်နဝါရီ ၅ ရက် ညနေပိုင်းက ချောက်မြို့နယ် မြို့တွင်းမှာ ရှိတဲ့ စည်ပင်ရုံးကို လက်ပစ်ဗုံး ပစ်သွင်းခဲ့ပြီး ချို့ယွင်းမှုဖြစ်ကာ မကွဲခဲ့တာကြောင့် ရုံးမှန်များကို ငါးချက်ပစ်ခတ်ကာ မြို့အထွက်ရှိ လျှပ်စစ်ရုံးကိုလည်း သုံးချက်ပစ် သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

▪︎မိုင်းရှင်းစဥ် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဦးသေ၊ ခြောက်ဦးဒဏ်ရာပြင်းထန်

‌ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကောင်စီတပ် မိုင်းပေါက်ကွဲပြီး သုံးဦးသေကာ ခြောက်ဦးဒဏ်ရာရသွားတယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲက ဒီနေ့ထုတ်ပြန်ပါတယ်။ သဲကုန်းကျေးရွာနဲ့ ညောင်ကုန်းကျေးရွာကြား နတ်သံကွင်း – ကျောက်ကြီး ကားလမ်းမပေါ်မှာ ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၂)၊ တပ်ခွဲ – ၂ မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ဖို့ ထောင်ထားတဲ့ မိုင်းကို ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်များ လာရောက်ရှင်းလင်းစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

▪︎ရွှေဘို-မြစ်ကြီးနားလမ်းပေါ် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ FIRE Dragon (KU) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့က ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးသီးများဆက်တိုက်ချကာ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ဗုံးသီးချတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာသွားပါတယ်။ စစ်အုပ်စု ထိခိုက်မှု ရှိပေမယ့် အတိအကျမသိရသေးဘူးလို့ တာဝန်ခံက ပြောပါတယ်။

▪︎မြိုင်မြို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ဂိတ်ကို တပြိုင်နက်ဝင်တိုက်ရာ စစ်သားနဲ့ရဲ နှစ်ဦးသေဟုဆို

မကွေးတိုင်း၊ မြိုင်မြို့အဝင် နေရာနှစ်ခုရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တပြိုင်နက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်နဲ့ရဲ နှစ်ဦးသေဆုံးတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောပါတယ်။ ဇန်နဝါရီ ၅ ရက် ညနေပိုင်းက မြိုင်(ပကဖ)အဖွဲ့တွေဟာ ‌မြိုင်မြို့အဝင် မြောက်ဘက်နဲ့ အနောက်ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲံ တပြိုင်နက် တိုက်ခို​က်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်သားနဲ့ရဲ ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိသွားပြီး ခုနစ်ဦးအနက် နှစ်ဦးသေဆုံးခဲ့တယ်လို့ မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောပါတယ်။

မြိုင်တွင် PDF များက စစ်​​​ကောင်စီတပ် စစ်ဆေး​ရေးဂိတ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်စဥ်။ ။ဓါတ်ပုံ-မြိုင်ပကဖ
မြိုင်တွင် PDF များက စစ်​​​ကောင်စီတပ် စစ်ဆေး​ရေးဂိတ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်စဥ်။ ။ဓါတ်ပုံ-မြိုင်ပကဖ

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။