တိုက်ပွဲပြင်းထန်စွာဖြစ်နေ၍ ပြည်သူများ ခရီးသွားလာရာ၌အလွန်အန္တရာယ်ရှိသည့် အခြေအနေဟု အသိပေး
ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေရှိ ကြာအင်းဆိပ်ကြီး -ဘုရားသုံးဆူလမ်းအား မနက်ဖြန်မှစ၍ တစ်ပတ်ကြာ သွားလာခြင်း လုံး၀မပြုရန် KNU ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။
လက်ရှိကာလတွင် ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ခရီးသွား ပြည်သူများ ခရီးသွားလာရာတွင် အလွန် အန္တရာယ်ရှိသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထို့ကြောင့် ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းတွင် ခရီးသည်တင်ယာဉ်များ ဇန်နဝါရီ ၁၆ရက်မှ ဇန်နဝါရီ ၂၃ရက်အထိ လုံး၀သွားလာခြင်း မပြုရန် တားမြစ်လိုက်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်နှင့် လက်ရှိ စစ်ရေးအခြေ အနေအား မေးမြန်းရန် ခရိုင်အတွင်းရေးမှူးထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

Public Service Announcement
KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက “ရန်သူက လူထုကားကို သူတို့ သုံးပြီးလုပ်လာတာရှိတယ်။ လူထုကို ဓားစားခံပေါ့။ နောက်ပြီး ပြီးခဲ့တဲ့ နှစ်ရက်က သူတို့ ပြန်ဆင်းလာတော့ လူထုကို သူတို့ စစ်ကြောင်းထဲမှာ လူထုကို ခေါ်လာတယ်။ ကလေးပါပါတယ် သူတို့ပြောတာ”ဟု ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ရခြင်းအပေါ် မှတ်ချက် ပြုသည်။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“လူထုကတော့ သတိနဲ့နေရမှာပေါ့။ စစ်ရေးပူလာတဲ့အချိန်မှာ လူထုအနေနဲ့ စစ်တပ်နဲ့ ဝေးဝေးနေကြဖို့ပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
ဇန်နဝါရီ ၄ရက်က ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် သုံးခုကို KNU ဦးဆောင် သည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းများအတွင်း စီးနင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်ရှိသကဲ့သို့ တော်လှန်ရေးရဲဘော်များလည်း ကျဆုံးဒဏ်ရာရမှု ရှိခဲ့သည်။
