စစ်အုပ်စု ထိခိုက်သေဆုံးမှုများနေဟုဆို
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က အများအပြားထိခိုက်သေဆုံးနိုင်ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။
ဖေဖော်ဝါရီ ၅ရက်က တန့်ဆည်မြို့ ဘောလုံးကွင်းမှ ထွက်လာသော (၃၆၁၊ ၃၆၇)တပ်တို့မှ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် သပြေရင်းကျေးရွာ တစ်ညအိပ်တပ်စွဲခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၆ရက် နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်နှင့် တန့်ဆည်-ကလေး လမ်းအနီး ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကာကွယ်ရေးအဖွဲ့ကလည်း ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရှိကြောင်း တန့်ဆည်(ပကဖ) တာဝန်ခံက ပြောသည်။

“ပွဲက မနက်ခင်း ၈ခွဲလောက်ကနေ ထိတွေ့မှု စဖြစ်တာ။ ဆယ့်တစ်နာရီလောက်အထိ သုံးကြိမ်ဖြစ်တာ။ တစ်ကြိမ်နဲ့တစ်ကြိမ်မကြာဘူး။ ပစ်ကွင်းကောင်းမယ့်နေရာကနေယူထားပြီးပစ်တာ။ စဖြစ်ကတည်းက သူတို့ဘက်ကနည်းနည်းတော့ ကျ တယ်ပြောတယ်။ ကျတာကဆယ်ကောင်လောက်ရှိပြီး ထိခိုက်တာကနှစ်ဆယ်လောက်ရှိတယ်။”ဟု တန့်ဆည်(ပကဖ)တာဝန်ခံက ပြောသည်။

Public Service Announcement
စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စစ်ဆင်ရေးကို တန့်ဆည် (ပကဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များ(ရွှေဘိုခရိုင်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။
မွန်းလွဲ ၁နာရီခန့်တွင် စစ်ကောင်စီတပ်နှင့်ပျူများသည် ကံထူးမကျေးရွာသို့ပြန်အဝင် လက်နက် ကြီးသုံးချက်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ၁၅မိနစ်ခန့်အကြာ ကံထူးမရွာတွင်းရှိ ပြည်သူ့နေအိမ်များသို့ ပစ္စည်းများတက်ခိုးနေရာ Guerrilla Warfare – K.P.K၊ MDF-Taze Tiger ၊ TSR၊ PLAတို့က အသင့်တပ်ဆင်ထားသောပဒေသာမိုင်းများဖြင့် ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – K.P.K အဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၇ရက်) နံနက် ၁၀နာရီ ၂၅မိနစ်ခန့်ကလည်း ကံထူးမကျေးရွာတောင်ဘက်အထွက် ကန်ဘောင်အနီးတွင် ကင်းယူထားသော စစ်ကောင်စီတပ်သား ၁၀ ဦးခန့်အား Guerrilla Warfare – K.P.K၊ MDF-Taze Tiger ၊ TSR၊ PLA တို့ပူးပေါင်းပြီး ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသာ ကျန်ရှိခဲ့ပြီး ကျန်စစ်ကောင်စီတပ်သားများ အပြင်းထန် ဒဏ်ရာရှိခဲ့ကြောင်း Guerrilla Warfare – K.P.Kက အသိပေးသည်။
ယနေ့ (ဖေဖော်ဝါရီ ၈ ရက်)မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်သည် ကံထူးမမှတဆင့် တန့်ဆည်အနောက်ခြမ်း ကျေးရွာများအား စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။


















































