Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများအား လက်နက်ကိုင်ဆောင်ခွင့်ပြု

လက်နက်ကိုင်ဆောင်ခွင်မူအမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၃) ၂၀၂၃ ဇန်နဝါရီ ၃၁ရက် ရက်စွဲ ဖြင့် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံးက အတည်ပြုခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ပေးထားသော ပျူစောထီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ / CJ)
(စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ပေးထားသော ပျူစောထီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ / CJ)

ပြည်သူအချင်းချင်း အကြောက်တရားတိုးလာရန်ပြုလုပ်ခြင်းဟု တရားလွှတ်တော်ရှေ့နေ သုံးသပ်

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်နှင့် စစ်မှုထမ်းဟောင်းများအားတရားဝင်လက်နက်ကိုင်ဆောင်ခွင့်ပြုသည့် အမိန့်စာ ထွက်ပေါ်လာသည်။

လက်နက်ကိုင်ဆောင်ခွင်မူအမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၃) ၂၀၂၃ ဇန်နဝါရီ ၃၁ရက် ရက်စွဲ ဖြင့် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံးက အတည်ပြုခဲ့ခြင်းဖြစ်သည်။

“တရားမဲ့ပြုကျင့်သူထံက လာတဲ့လုပ်ရပ်တိုင်းက တရားဥပဒေမဲ့ အကာအကွယ်မဲ့ မင်းမဲ့စရိုက်ပဲ ဖြစ်လာတော့မယ်”ဟု ပြည်သူတစ်ဦးက လက်နက်ကိုင်ဆောင်ခွင်မှု ဥပဒေအပေါ် မှတ်ချက်ပြုသည်။

အဆိုပါဥပဒေတွင် ပြဌာန်းချက်များအရ ကိုင်ဆောင်ခွင့် ပြုသော လက်နက်များမှာ ဒသမ ၃၈ လက်မနှင့် ၎င်းထက် ပြောင်းဝငယ်သော ဆုံလည်သေနတ်၊ ၉ မီလီမီတာနှင့် ပြောင်းဝငယ်သော ပစ္စတိုသေနတ်၊၁၂ ဘိုးနှင့် ၎င်းထက်ပြောင်းဝငယ်သော ပြောင်ချောသေနတ်၊ ဒသမ ၂၂ လက်မ နှင့် ၎င်းထက်ပြောင်းဝကျယ်သော အမဲလိုက်သေနတ်နှင့် လေသေနတ်တို့ ဖြစ်သည်။

“အဓိကတော့ ဥပဒေထဲမှာအခန်း (၄)ပုဒ်မ (၉) ပုဒ်မခွဲ (က)နဲ့ (ခ)အရ အုပ်ကြီးတွေအတွက် ရည်ရွယ်ပြီး ပါမစ်ချပေးတာလို့ ပြောနိုင်တယ်”ဟု ဥပဒေရေးရာကျွမ်းကျင်သူ ကိုထူးကျော်က ပြောသည်။

အခန်း(၄) ပုဒ်မ ၉ ပုဒ်မ ခွဲ(က)တွင် ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် စည်းကမ်း သေဝပ်တည်ငြိမ်ရေး ထိန်းသိမ်းစောင့်ရှောက်ရန် အလို့ငှာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ ပါဝင်ဆောင်ရွက်ရန် ညွှန်ကြားသည့်အခါတွင် လိုက်နာဆောင်ရွက်ရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

အလားတူ ပုဒ်မခွဲ(ခ)တွင် ပြစ်မှုဆိုင်ရာ မှုခင်းများနှင့် ဒုစရိုက်လုပ်ငန်းများကို တားဆီးနှိမ်နှင်းရေးအတွက် မိမိနှင့်သက်ဆိုင်သော ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ အကူအညီတောင်းခံသည့်အခါ ပါဝင်ကူညီဆောင်ရွက်ရန်တာဝန်ရှိကြောင်းလည်း ပြဌာန်းထားသည်။

တပ်မတော်မှ အငြိမ်းစားယူသည့် သူများအား လိုင်စင်ထုတ်ပေးရာတွင်လည်း တပ်မတော်တွင် တာဝန်ထမ်းဆောင်စဥ်က ကိုယ်ပိုင်သေနတ်များကို စစ်ဘက်လိုင်စင်ဖြင့်ကိုင်ဆောင်ခွင့်ပြုရာမှ အငြိမ်းစားယူရာတွင် အရပ်ဘက်လိုင်စင်ဖြင့် ဆက်လက်ကိုင်ဆောင်ခွင့် ပြုရန်လျှောက်ထားခြင်းနှင့်ပတ်သက်၍ (လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူ)နှင့်အညီ လိုင်စင်၊ပါမစ် ထုတ်ပေးရန် အခန်း ၉ ပုဒ်မ ၂၄ ၌ အသိပေးထားသည်။

“အင်္ဂလိပ်ခေတ်က ဥပဒေကို တဆင့်မြှင့်ပြီး ပြန်အသက်သွင်းတာပါပဲ။ဒါက ပြည်သူချင်း အကြောက်တရားတွေတိုးလာအောင် လုပ်လိုက်တာပဲ။ဒီ ဥပဒေရသက်ရောက်မှုတိုင်းရဲ့ တရားခံက စကစပဲ”ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ရှင်းပြသည်။

နိုင်ငံရှိ မြို့နယ်ထက်ဝက်နီးပါးကို မထိန်းချုပ်နိုင်ဟု အာဏာသိမ်းပြီးနှစ်နှစ်ကြာချိန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကိုယ်တိုင်ဝန်ခံထားသည်။

ထို့အပြင် တိုင်းဒေသကြီး လေးခုနှင့် ပြည်နယ်လေးခုရှိ မြို့နယ်များအနက် ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေး(Martial Law)ကို စစ်ကောင်စီက ယခုလ ၂ ရက်တွင် ကြေညာခဲ့သည်။