စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမှတ်(၁၀)လေ့ကျင်ရေးတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း Danger Force LPDF၏ စစ်ဆင်ရေးတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ရက်) ညနေ ၅နာရီခွဲခန့်က အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ လေ့ကျင့်ရေး (၁၀)တပ် အရပ်ခေါ် အရှေ့တပ်အား (၈၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ကိုးဦး အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သေဆုံးမှုများရှိကြောင်း Danger Force LPDF၏ စစ်ဆင်ရေးတာဝန်ခံ ကိုမာန်ဟုန်က ပြောသည်။
“ပထမဆုံးပြောင်းက ချို့ယွင်းမှုဖြစ်ပြီးတော့ ပြောင်းကွဲပြီး ကျွန်တော်တို့ရဲဘော် မစိုးရိမ်ရဒဏ်ရာရတယ်။ နောက်တစ်ပြောင်းက ငါးလုံးပစ်တာ ရန်သူ့စခန်းထဲချည့် အကုန်ကျတယ်။”ဟု ကိုမာန်ဟုန်က ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားများကလည်း (၆၀) မမ၊ (၁၂၀) မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများနှင့်ဝေးရာတွင်နေထိုင်ပြီး ပြည်သူ့ရဲဘော်များအား ဝိုင်းဝန်းကူညီပေးကြရန် Danger Force LPDFအဖွဲ့က မေတ္တာရပ်ခံသည်။
အဆိုပါ စစ်ဆင်ရေးကို Danger Force LPDF၊ ကြယ်နီတပ်ဦး၊ ပင်လယ်ပျော်သိမ်းငှက်(SF2)၊ People’s Revolution Force (PRF)၊ တမန်တော်ပျောက်ကြားတပ်ဖွဲ့(APOSTLE)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။
အမှတ်(၁၀)လေ့ကျင်ရေးတပ်ကို (၅)ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခင်အကြိမ်များတွင်လည်း စစ်အုပ်စုထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။


















































