စစ်ကောင်စီတပ်၏ သရက်မြို့အခြေစိုက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ(၁၂) အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force က ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၅)ည ၉ နာရီခွဲခန့်က ကပစ (၁၂)တပ်ဝင်းအတွင်းသို့ (၉၀) မမ ရှော့တိုက်ဒုံးနှစ်လုံးဖြင့်ပစ်ခတ်ခဲ့ရာ တပ်ဝန်းအတွင်းရှိ လူပျိုဆောင်နှင့် အရာရှိရိပ်သာကြားတွင် ကျရောက်ပေါက်ကွဲသွားသည်ဟု တပ်ရင်း (၄)က ပြောသည်။
“ပစ်တာမှာ ကျွန်တော်တို့ တစ်လုံးကတော့ အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်။ တစ်လုံးကတော့ error ဖြစ်သွားတယ်။ အောင်မြင်တဲ့တစ်လုံးက လူပျိုဆောင်နဲ့ အရာရှိဆောင်ကြားမှာ ကျရောက်ပေါက်ကွဲသွားတယ်။ အထိ အခိုက်စာရင်းကတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းအတည်ပြုနေဆဲပါ”ဟု သရက်ခရိုင် PDF တပ်ရင်း (၄)Eagle Force မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်လက်အောက်ခံ ကပစ (၁၂)အား ယခုအကြိမ်တိုက်ခိုက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်က ပထမအကြိမ်အဖြစ် ရှော့တိုက်ဒုံးနှစ်လုံးဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့သော်လည်း အရေအတွက်အတိအကျအား မသိရသေးပေ။

Public Service Announcement
ပထမအကြိမ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က သရက်မြို့ပေါ်မှ ဆရာဝန်သုံးဦးအား ကပစ (၁၂)တပ်ဝန်းထဲသို့ပင့်ကာ ဒဏ်ရာရတပ်သားများအား ကြိတ်ကုပေးခဲ့ရကြောင်း တပ်ရင်း (၄)က အတွင်းသတင်းရင်းမြစ်ထံမှ အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
အထက်ပါ စစ်ကောင်စီတပ်၏ ကပစ (၁၂)စက်ရုံသည် (၆၀) မမနှင့် (၄၀) မမ စသည့်လက်နက်ကြီးများထုတ်လုပ်သည့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတစ်ရုံ ဖြစ်သည်။


















































