Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက အင်းစိန်​ထောင်မှ နိုင်ကျဥ်းအမျိုးသမီးများကိုသင်္ကြန်တွင်​ဖျော်ဖြေစေရန် ဖိအား​ပေး​နေ

“ စာရင်းထဲ ပါတဲ့သူက အထဲမှာ အနေအစား ချောင်မယ်။ပြီးတော့ လွတ်ငြိမ်းထိ မျှော်လို့ရတယ်ဆိုတာမျိုး ပြောနေတာ” ဟု စစ်ကောင်စီ၏ တရားစွဲဆိုခံထားရသည့် အမျိုးသမီး တစ်ဦးက​ပြောသည်။

(အင်းစိန်​ထောင်မှအကျဥ်းဦးစီး၏ လုံခြုံ​ရေးဝန်ထမ်းအချို့။ ဓါတ်ပုံ-CJ)
(အင်းစိန်​ထောင်မှအကျဥ်းဦးစီး၏ လုံခြုံ​ရေးဝန်ထမ်းအချို့။ ဓါတ်ပုံ-CJ)

▪︎” လူ့အခွင့်အရေးကို အဆိုးဝါးဆုံးနဲ့အပြင်းထန်ဆုံး ချိုးဖောက်တဲ့ ထောင်တွင်း အကြမ်းဖက်မှုကိုပါ ဗြောင်ကျကျ ကျူးလွန်လိုက်တာပဲလို့ မှတ်ချက်ပြုချင်ပါတယ်” FPPS ဦး​ဆောင်​ကော်မတီဝင်ဦးထွန်းကြည်

စစ်​ကောင်စီက အင်းစိန်​ထောင်မှနိုင်ငံရေးအကျဥ်းသူ အမျိုးသမီးများကိုသင်္ကြန်တွင်​ဖျော်ဖြေ​ပေးရန်အတွက်ဆိုကာဖိအား​ပေး စည်းရုံးနေကြောင်း အင်းစိန်ထောင်တွင်းသတင်းရင်းမြစ်များက People’s Spring သတင်းဌာနသို့ ပြောသည်။

“ စာရင်းထဲ ပါတဲ့သူက အထဲမှာ အနေအစား ချောင်မယ်။ပြီးတော့ လွတ်ငြိမ်းထိ မျှော်လို့ရတယ်ဆိုတာမျိုး ပြောနေတာ” ဟု စစ်ကောင်စီ၏ တရားစွဲဆိုခံထားရသည့် အမျိုးသမီး တစ်ဦးက​ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ၏ မိသားစု နှင့် ရင်းနှီးသူတစ်ဦးကလည်း ” အခုက အချုပ်ဆောင်မှာရှိတဲ့ အမျိုးသမီး နှစ်ဆယ်ဝန်းကျင် တကယ်လှပြီး ချောပြီး ကြည့်ပျော်ရှူပျော်ရှိတဲ့ အမျိုးသမီးတွေကိုပဲရွေးတာ ။ ရွေးတဲ့သူတွေကလည်း နိုင်ကျဉ်းတွေသီးသန့်ပဲ။ ” ဟုပြောသည်။

စစ်​ကောင်စီ၏ အကျဥ်းဦးသီးဌာနက လူရွေးခြင်းကို ပြီးခဲ့သည့်​ဖေ​ဖော်ဝါရီ လကုန်ပိုင်း၌ပြု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ အဆောင်တစ်​ဆောင်တွင် အသက် နှစ်ဆယ်ဝန်းကျင်မိန်းကလေး ခြောက်ဦးအထိရွေးချယ်ခံထားရသည်ပင်ရှိ​ကြောင်း နိုင်ကျဥ်းမိသားစုနှင့်ရင်းနှီးသူတစ်ဦးကဆက်​ပြော သည်။

“ ပထမတော့ ယိမ်းကရမယ်ထင်ထားပေမယ့် တကယ့်တကယ်ကျတော့ Sexy ပုံစံဘောင်းဘီတွေ ဝတ်ရမယ်ဆိုတာသိရတယ်။ ” ဟု ၎င်းကပြောသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကမူ သင်္ကြန်မဏ္ဍပ်တွင် ယိမ်း က ရန်ဟုသိထား​ကြောင်း​ပြောသည်။ထို​ကြောင့် နိုင်ကျဥ်းအမျိူးသမီးများကို ဖိအား​ပေးခြင်း ၊မက်လုံး​ပေးစည်းရုံခြင်းဖြင့် ​ဖျော်​ဖြေ​စေပြီး နိုင်ငံ​ရေးအကျဥ်းသူများကြား​သွေးကွဲ​​စေရန် ၊​​ဖျော်​ဖြေသည်ကို မှတ်တမ်းယူပြီး အမည်ဖျက်ရန် စသဖြင့် စစ်​ကောင်စီက ပြုလုပ်နိုင်​ကြောင်း နိုင်ကျဥ်းအ​ရေး​ဆောင်ရွက်​နေသူများကမှတ်ချက်ပြုသည်။

နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင်ဦးထွန်းကြည်က “ အစွန်းရောက်အကြမ်းဖက် စစ်ကောင်စီနဲ့သူ့ရဲ့လက်ကိုင်တုတ်တွေအနေနဲ့ နိုင်/ကျဥ်းတွေကို ရည်ရွယ်ချက်ရှိရှိ မတရား ဖမ်းဆီး ဓားစာခံလုပ်ပြီး ပြန်ပေးဆွဲထားတဲ့အပြင်အာဃာတအပေါ် အခြေပြုပြီး နိုင်/ကျဥ်းတွေရဲ့တော်လှန်တဲ့စိတ်ဓာတ်တွေကို ချိုးနှိမ်းဖို့အတွက်ရည်ရွယ် လုပ်ဆောင်တယ်လို့ မြင်ပါတယ်။ အခုလို လုပ်ရပ်တွေအပေါ်မှာ အပြင်းအထန်ဆန့်ကျင် ရှုတ်ချရမှာ ဖြစ်သလို ထိုက်တန်တဲ့ တာဝန်ယူ တာဝန်ခံမှုနဲ့အတူ တရားမျှတမှုအတွက်လည်း ဖော်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု​ပြောသည်။

သင်္ကြန်ကာလ ဖျော်‌ဖြေရေးလုပ်ဆောင်ရမည့် ပုံစံကို အတိအကျမသိရသေးသော်လည်း အချုပ်ကျခံနေရသည့် နိုင်ကျဉ်းအမျိုးသမီးများအပေါ် မတရားစေခိုင်း​နေသောကြောင့် ပြည်သူအားလုံးသိစေရန် အတွက် ပြောခြင်းဖြစ်သည်ဟု နိုင်ငံ​ရေးအကျဥ်းသူများအ​ရေး​ဆောင်ရွက်​နေသူတစ်ဦးက​ပြောသည်။

“ အခုလို စီစဥ်တာက နံပါတ်တစ်အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသား ဆိုတာမျိုးက ပေါပေါပဲပဲ ဆိုတာမျိုး စစ်ကောင်စီရဲ့ ဝန်ထမ်းတွေထဲမှာ ကြီးမားတဲ့ ထင်မြင်ချက်ရှိလာတယ်။နောက်တစ်ခုက မဖြစ်မနေ ပါဝင်ရတဲ့ နိုင်ကျဥ်းတွေရှိလာခဲ့ရင်လည်း အချင်းချင်း အကြား သွေးကွဲတာက ဖြစ်ကိုဖြစ်တယ်။ကျွန်တော်တို့ တုန်းကလည်း သကြ်န်ကာလ မှာ ထောင်တွင်း သီ ချင်းဆိုပြိုင်ပွဲတွေ နဲ့ အားကစားပွဲတွေ ကို အကျဥ်းသား တွေ ဆီက ပိုက်ဆံကောက်ပြီး ထောင်အာဏာပိုင် တွေက စီစဥ်ခဲ့တာပဲ။အဲဒီလိုမျိုးပျော်နေတာတွေကို ထောင်ဝန်ထမ်းတွေက ဗီဒီယို ရိုက်တယ်။ပြီးတော့ ICRC ကို ပြတယ်။ဒါ သူတို့အတွက် တစ်ချက်ခုတ် သုံးလေးချက် လောက် ပြတ်တဲ့ စကစရဲ့ ဗျူဟာပဲ” ဟု နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက သုံးသပ်သည်။

“ ကာယကံရှင်တွေရဲ့ဆန္ဒမပါဘဲ စည်းရုံးသိမ်းသွင်းမှုတွေနဲ့အင်အားသုံး ခြိမ်းခြောက် အကျပ်ကိုင်တဲ့လုပ်ရပ်တွေဟာ ရာဇဝတ်မှုမြောက်တဲ့အပြင် လူ့အခွင့်အရေးကို အဆိုးဝါးဆုံးနဲ့အပြင်းထန်ဆုံး ချိုးဖောက်တဲ့ ထောင်တွင်း အကြမ်းဖက်မှုကိုပါ ဗြောင်ကျကျ ကျူးလွန်လိုက်တာပဲလို့ မှတ်ချက်ပြုချင်ပါတယ်” ဟု ဦးထွန်းကြည်က သုံးသပ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း သင်္ကြန် ကာလ နှစ်ကြိမ်တွင် လမ်းလျှောက်ရေပက်ခံနေရာများ ၊ရေပက်ခံကားအချို့ဖြင့် စည်းကားစေရန် စစ်ကောင်စီက စီစဥ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အလားတူ ယခုနှစ် သင်္ကြန်ကာလ၌ မဏ္ဍပ်များဆောက်လုပ်ရန်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် ရန်ကုန်ရှိ ရပ် ကွက်တစ်ခုလျှင် ကျပ်နှစ်သိန်း ကောက်ခံရန် စစ်ကောင်စီက ညွှန်ကြားထားသည်။

ပြည်တွင်း၌ တော်လှန်ရေးအခြေအနေများကို ဖုံးကွယ်ရန် စစ်ကောင်စီ က မကြာခဏ ကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးတွင် ပျော်ပွဲရွှင်ပွဲများကျင်းပရန် ည မထွက်ရ အမိန့်သတ်မှတ်ချက်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

You May Also Like

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။