Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တရုတ်အထူးကိုယ်စားလှယ်လာရောက်ပြီးနောက် ပြုလုပ်သည့် မြောက်ပိုင်း ခုနစ်ဖွဲ့၏ FPNCC အစည်းအဝေးပြီးဆုံး

SSPP တပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားမှု ၊ စစ်ရေးတင်းမာမှု အချို့ရှိသော်လည်း SSPPသည် စစ်ကောင်စီနှင့် ဆွေးနွေးနေသည့်အဖွဲ့ဖြစ်သည်။ ၀အဖွဲ့ UWSA၊ မိုင်းလား အဖွဲ့ NDAA တို့သည် စစ်ကောင်စီတပ်နှင့် ဆွေးနွေးနေသည့် အဖွဲ့များဖြစ်သကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုလည်းမရှိသည့် အဖွဲ့များဖြစ်သည်။

တရုတ်အထူးကိုယ်စားလှယ်လာရောက်ပြီးနောက် ပြုလုပ်သည့် မြောက်ပိုင်း ခုနစ်ဖွဲ့၏ FPNCC အစည်း အဝေးပြီးဆုံး
တရုတ်အထူးကိုယ်စားလှယ်လာရောက်ပြီးနောက် ပြုလုပ်သည့် မြောက်ပိုင်း ခုနစ်ဖွဲ့၏ FPNCC အစည်း အဝေးပြီးဆုံး

▪︎ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန် ယူဆချက်ကို လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဟု ဖော်ပြ

▪︎မြန်မာ့ပြည်တွင်းပဋိပက္ခချုပ်ငြိမ်းရေး တရုတ်နိုင်ငံ၏ ကြားဝင်မှုအား ကြိုဆိုထောက်ခံကြောင်းကြေညာ

၀လက်နက်ကိုင်အဖွဲ့(UWSA) ဦးဆောင်ပြီး မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အစည်းအဝေးကို ၀ ဒေသ ပန်ဆန်း(ပန်ခမ်း)၌ နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်း ပဋိပက္ခများ ပြေလည် ချုပ်ငြိမ်းရေး တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း အစည်းအဝေးက ထုတ်ပြန်ကြေညာခဲ့သည်။

ယခင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်း နေရာသို့ အစားထိုးတာဝန်ယူခဲ့သည့် အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန်ရှီကျင်းသည် ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ တွေ့ဆုံမှုများအပြီးတွင် ကာလကြာရှည်စွာ ကျင်းပနိုင်ခြင်းမရှိသည့် FPNCC၏ လုပ်ငန်းအစည်းအဝေးကိုမတ်လ ၁၅ရက်နှင့် ၁၆ရက်တွင် ကျင်းပခဲ့ရာ UWSA၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရခိုင်တပ်ဖွဲ့(ULA/AA)နှင့် တအာင်းတပ်ဖွဲ့(PSLF/TNLA) ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

အစည်းအဝေးအပြီး FPNCC၏ ကြေညာချက်တွင် မြန်မာပြည်တွင်းရေး နှင့်ပတ်သက်၍ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆကြောင်း၊ ယင်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံ ရှိနေသော်လည်း နောက်ဆုံးတွင် လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပြည်တွင်း ပဋိပက္ခ များ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်းလည်း FPNCCက ကြေညာသည်။

ကမ္ဘာ့ကပ်​ရောဂါကိုဗစ်နှင့်ပတ်သပ်၍ တရုတ်၏ကူညီမှုများကို​ကျေးဇူးတင်​ကြောင်းကိုလည်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကြေညာချက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ မေးမြန်းရန် FPNCC တာဝန်ရှိသူ အချို့ထံPeople’s Spring သတင်းဌာနက ယနေ့ည(မတ်၁၆)တွင် ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရပေ။

FPNCC အဖွဲ့ဝင် အဖွဲ့များအနက် KIO/KIA သည် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ့ဘက် ရပ်တည်ပြီး တိုက်ပွဲဝင်လျက်ရှိသကဲ့သို့ MNDAA နှင့် စစ်ကောင်စီတပ်အကြား၌လည်း တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။ တအာင်းတပ်(TNLA) နှင့် ၂၀၂၂ နှစ်ကိုင်းပိုင်းက စစ်ကောင်စီတပ်၏ လေကြောင်းချီထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့မှုရှိခဲ့ပြီး ယခုနောက်ပိုင်း၌လည်း တိုက်ပွဲအချို့ဖြစ်ပွားလျက်ရှိသည်။ AA နှင့် စစ်ကောင်စီတပ်ကမူ ၂၀၂၂ နှစ်လယ်ပိုင်းမှ နှစ်ကုန်ပိုင်းအထိ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်းတွင် အပစ်ရပ်စဲရေးလုပ်ဆောင်ခဲ့သည်။

SSPP တပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားမှု ၊ စစ်ရေးတင်းမာမှု အချို့ရှိသော်လည်း SSPPသည် စစ်ကောင်စီနှင့် ဆွေးနွေးနေသည့်အဖွဲ့ဖြစ်သည်။ ၀အဖွဲ့ UWSA၊ မိုင်းလား အဖွဲ့ NDAA တို့သည် စစ်ကောင်စီတပ်နှင့် ဆွေးနွေးနေသည့် အဖွဲ့များဖြစ်သကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုလည်းမရှိသည့် အဖွဲ့များဖြစ်သည်။

ယခုအစည်းအ​ဝေးသည် တရုတ်က FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကို ဖိအား​ပေး၍ ပြုလုပ်​ပေးရခြင်းဖြစ်နိုင်ပြီး ထို​ကြောင့်ထုတ်ပြန်ချက်တွင် တရုတ်နှင့်ပတ်သပ်၍ အချက် ၂ ချက်အထိ့​ဖော်ပြထားခြင်းဖြစ်နိုင်​ကြောင်း တရုတ်အ​ရေး နှင့် စစ်​ရေူ​လေ့လာသူအချို့က​သုံးသပ်​ပြောကြားသည်။