အလောင်းများအား စစ်လော်ဘီများက ကယား PDFဟု ဝါဒဖြန့်သည့်ပုံများ၌ သွေးများစိုနေခြင်းအပါအဝင် စစ်ကောင်စီကျူးလွန်သည့် သက်သေများကို ဖော်ပြ
မတ်လတွင် စစ်ကောင်စီ ကျူးလွန်သည့် အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု လေးမှုရှိဟု လူ့အခွင့် အရေး ဝန်ကြီးပြော
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာခံများအား စစ်ကောင်စီတပ်က အစုလိုက် ၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ရာ ယင်းစစ်ကြောင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အခြေစိုက် ခမရ (၅၁၈)စစ်ကြောင်းဖြစ်သည် ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) တာဝန်ရှိသူများက ပြောသည်။
မတ်လ ၁၁ရက်က နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပုန်းအောင်းနေသည့် သံဃာ သုံးပါးနှင့် အမျိုးသမီးတစ်ဦး၊ အမျိုးသား ၁၈ဦး စုစုပေါင်း အရပ်သား ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခြင်းနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တာဝန်ရှိသူများက မတ်လ ၁၆ရက်တွင် သတင်းစာရှင်းလင်းခဲ့ရာ မြေပြင်သက်သေ၊ ဓာတ်ပုံမှတ်တမ်း သက်သေနှင့် ဆေးပညာရပ်ဆိုင်ရာ သက်သေများ ဖော်ပြရှင်းလင်းခဲ့သည်။
“၁၁ရက်နေ့ထဲမှာပဲ စစ်ကောင်စီတပ်က ကျနော် တို့ ကရင်နီ PDF အယောက် ၃၀ကျော်ကို ဆုံးမလိုက်တယ်ဆိုပြီး ပြည်သူ့အလောင်းတွေအနားမှာ လေသေနတ်တွေ ပွိုင့်-၂၂ တွေတင်ထားပြီး ဓာတ်ပုံရိုက်လိုက်တဲ့အချိန်ဟာ သွေးတွေဆိုစွတ်နေတဲ့အချိန်ဖြစ်တယ်ဆိုတာကို သတိထားကြဖို့ လိုပါတယ်။ ဒါက သူတို့ကိုယ်တိုင် သတ်လိုက်ပြီဆိုတာ ဝန်ခံထားတဲ့ သက်သေဓာတ်ပုံတွေပဲဖြစ်ပါတယ်။ ကျနော်တို့ KNDF ဘက်က ကရတဲ့ ပုံတွေက အလောင်းသွေးတွေ ခြောက်သွေ့နေတဲ့ ပုံတွေဖြစ်တာ တွေ့ရမှာပါ။ ဒါကလည်း ၁၁ရက်နေ့မှာ ကျနော်တို့ KNDFဘက်က ဖြစ်ပွားရာနေရာကို မရောက်ရှိသေးဘဲနဲ့ နောက်နေ့မှပဲ ကျနော်တို့က အလောင်းတွေရှိရာကို ရောက်ပြီးမှ ဓာတ်ပုံတွေရရှိခဲ့တဲ့ သဘောဖြစ်ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဘယ်သူတွေက အပြစ်မဲ့ ပြည်သူတွေကို သတ်လိုက်သလဲဆိုတာ ထင်ရှားပါတယ်”ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်ဆန်းမြင့်က ရှင်းလင်းသည်။
၂၀၂၃ ဖေဖော်ဝါရီ လလယ်ခန့်မှစ၍ ကရင်နီ ပြည်နယ်ကို စစ်ကြောင်း ၁၂ကြောင်းဖြင့် စစ်ကောင်စီတပ်က ထိုးဖောက်ဝင်လာရာ ပင်လောင်းက ဆင်းလာသည့် စစ်ကြောင်းများ၌ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် PNO/PNAလည်း ပါဝင်ကြောင်း၊ အဆိုပါ စစ်ကြောင်းများ ဝင်ရောက်လာ၍ နမ်းနိန်ရွာအပါအဝင် ဒေသတွင်း ကျေးရွာများမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်ကြရာ နမ်းနိန်ရွာခံ နှင့် သံဃာ ၃ပါး စုစုပေါင်း ၃၃ဦးက ရွာကို စောင့်ရန် ကျန်နေခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

Public Service Announcement
ထို့ကြောင့် မတ်လ ၈ရက်နေ့တွင် စစ်ရှောင်ရန် ညှိနှိုင်းခဲ့သော်လည်း ဒေသခံများက ရွာ၌စောင့်ရန် ကျန်ခဲ့မည်ဟုသာ ဆုံးဖြတ်ခဲ့ကြသည်ဟုဆိုသည်။
မတ်လ ၉ရက်တွင် နမ်းနိမ်အရှေ့မြောက် နဂါးစေတီတောင်တွင် စစ်ကောင်စီတပ်က တပ်စွဲနေကြောင်း၊ မတ်လ ၁၁ရက်နံနက် အစောပိုင်းတွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ဝင်ရောက်လာကြောင်း ၊ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းအထိ စစ်ကောင်စီနှင့်ထိတွေ့တိုက်ပွဲလုံး၀မရှိခဲ့ကြောင်း KNDF တာဝန်ရှိသူက ပြောသည်။
မတ်လ ၁၂ရက် နံနက်မှာ နဂါးစေတီတောင်သို့ စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားရာ နေ့လည်ပိုင်း၌ KNDF နှင့် ပအိုဝ်းတပ် PNDF အပါအဝင် ကာကွယ်ရေးတပ်များ ရွာအတွင်း ဝင်ရောက်ခဲ့သည်ဟုဆိုသည်။
“ကျနော်တို့ အပြုံလိုက်တွေ့တဲ့ဟာက သံဃာတော် သုံးပါးရယ် အရပ်သားပြည်သူ ၁၉ဦးရယ် စုစုပေါင်း ၂၂ဦးကို တွေ့ရတယ်။ ရုပ်အလောင်းရဲ့ ပတ်ဝန်းကျင်မှာ ဘာတွေ ထပ်တွေ့ရသလဲဆို စစ်တပ်က အများအသုံးပြုနေတဲ့ ကျည်ခွံတွေအများကြီးတွေ့ရတယ်” ဟု KNDF တာဝန်ရှိသူက ပြောသည်။
ကရင်နီရဲတပ်ဖွဲ့(KSP)မှ တာဝန်ရှိသူ ကိုဘိုဘိုကလည်း စစ်ကောင်စီက ရွာခံများအား သတ်ဖြတ်ခဲ့မှုအား မြေပြင်အချက်အလက် ဓာတ်ပုံမှတ်တမ်းတို့နှင့်အတူ ဖော်ပြရှင်းလင်းသည်။
“စစ်ကောင်စီ မြန်မာစစ်တပ် လော်ဘီ Page ကနေ တင်ထားတဲ့ ဓာတ်ပုံပေါ့နော်။ ဒီမှာ နှစ်ပုံယှဉ်ပြထားတယ်။ သူတို့က သံဃာတော်ရဲ့ ဟာကို ဖျောက်ထားတယ်။ သံဃာတော်ပုံ မပါအောင် ရိုက်တယ်။ ရိုက်ပြီး လေသေနတ်တွေကို အလောင်းတွေအပေါ်တင်ပြီး သူတို့ ဝန်ခံထားတယ်။ ကယားပဒက်များကို PDFတွေ ကို သူတို့ နှိပ်နင်းခဲ့တယ်ဆိုပြီး သူတို့ Page ကနေ သူတို့ ဝန်ခံထားပြီးသားဖြစ်တယ်။ အရပ်သားပြည်သူတွေရဲ့ ပုံကိုပဲ သေနတ်လေးတွေ တင်ပြီးတော့ သူတို့က PDF တွေကို သူတို့ သုတ်သင်ရှင်းလင်းလိုက်ပါတယ်ဆိုပြီးတော့မှ သက်သေအထောက်အထား အပြည့်အစုံနဲ့ သူတို့ကိုယ်တိုင် ဝန်ခံထားတာပါ” ဟု ကိုဘိုဘိုက စစ်ကောင်စီဝါဒဖြန့် ချန်နယ်များ၌ အသုံးပြုခဲ့သည့် ဓာတ်ပုံနှင့် KNDF တပ်ဖွဲ့ဝင်များ ရိုက်ကူးထားသည့် ဓာတ်ပုံအား ယှဉ်တွဲဖော်ပြ ရှင်းလင်းခဲ့သည်။
ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ အနေဖြင့် ယင်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး တရားစွဲအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ပြောသည်။
ကရင်နီပြည်နယ် ကျန်းမာရေးတာဝန်ခံ ဒေါက်တာ ရဲဇော် လူသေအလောင်းများကို မတ်လ ၁၂ရက်ညပိုင်း၌ စစ်ဆေးခဲ့ရာ နှိပ်စက်ခံထားရသည့် ဒဏ်ရာများ တွေ့ရကြောင်း အပါအဝင် အလောင်းများ၌ ရရှိခဲ့သည့် ဒဏ်ရာများနှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းလင်း ဖြေကြားခဲ့သည်။
“မင်းအောင်လှိုင်ရဲ့ စစ်တပ်က ဒီလိုကိစ္စမျိုးတွေလုပ်ခဲ့တာက ဒီတစ်နေရာတည်းမှာ မဟုတ်ဘူး။ မြန်မာပြည့်အနှံ့ တနှံ့တပြားပဲ သူတို့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ သူပြောခဲ့တဲ့ စကားလိုပဲ သူ့အာဏာတည်မြဲဖို့အတွက် ဘယ်သူ့ကိုယ်မဆို သူ့အနေနဲ့ ပစ်သတ်ဖို့ အဆင်သင့်ပဲ။ သူ့ရဲ့ လက်အောက်မှာ ရှိတဲ့ လူတွေအားလုံးကလည်း ဒီလို စိတ်ဓာတ်မျိုး အဆင်သင့်ရှိနေတဲ့ စိတ္တဇ လူသတ်သမားတွေချည်းပဲ”ဟု ဒေါက်တာရဲဇော်က ပြောသည်။
အဆိုပါ နမ်းနိန်ရွာ လူသတ်မှုကို စစ်ကောင်စီ၏ ခမရ (၅၁၈)တပ်ရင်းက ဆောင်ရွက်ခြင်းဖြစ်သည်ဟု KNDF တာဝန်ရှိသူက ပြောသည်။
“တကယ်တန်း လက်သည်အဖွဲ့ကို ပြောရမယ်ဆိုရင် နမ်းနိန်ကျေးရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်က ခမရ(၅၁၈) တပ်ရင်းဖြစ်ပါတယ်။ ခမရ(၅၁၈)က အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရဲ့ လက်အောက်ခံတပ်ရင်းဖြစ်တယ်။ စကခ(၂)ဟာ အရှေ့အလယ်ပိုင်းတိုင်းရဲ့ ရလခ လက်အောက်ခံ တပ်ရင်းဖြစ်တယ်။အခု နမ်းနိန် စစ်ကြောင်းလာတာက ခမရ(၅၁၈) ရှိပါတယ်။ သူ့အထက်မှာ ရပခတိုင်းမှူး တိုက်ရိုက်ကွပ်ကဲတဲ့ဟာပေါ့ ရပခ တိုင်းမှူး နဲ့ ရလခတို့က တိုက်ရိုက် အစုလိုက် အပြုံလိုက် သတ်တဲ့ကိစ္စမှာ တာဝန်ရှိတယ်ဆိုတာကို ရဲရဲတင်းတင်း ပြောချင်တာဖြစ်ပါတယ်”ဟု KNDF တာဝန်ရှိသူက ရှင်းလင်းသည်။
အဆိုပါ ဖြစ်စဉ်သည် လူမျိုးစုတစ်ခုနှင့် တစ်ခုအကြား ပဋိပက္ခဖန်တီးခြင်း ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း စစ်ကောင်စီက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့်အပေါ် ဒေသခံများအား PDF ဟု စွပ်စွဲပြီး သတင်းအမှားများ ထုတ်ပြန်ကာ ရှေ့နောက်မညီဘဲ လူသတ်မှု ကျူးလွန်ကြောင်း စစ်ကောင်စီတပ်ကိုယ်တိုင်က ဝန်ခံထားသည်ဟု ရှင်းလင်းခဲ့သည်။
မြေပြင်ရဲဘော်များ၏ တွေ့ရှိချက်၊ ဆေးပညာနှင့်ပတ်သက်သည့် သက်သေအထောက်အထား၊ဓာတ်ပုံမှတ်တမ်းအထောက်အထားများကို ပြသရှင်းလင်းခဲ့ပြီးနောက် လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကလည်း မတ်လအတွင်း စစ်ကောင်စီတပ်ကျူးလွန်ခဲ့မှု၊ အာဏာသိမ်းကာလ အတွင်း စစ်ကောင်စီတပ်က ၅ဦးနှင့် အထက် သတ်ဖြတ်ခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အခြေအနေများကို ရှင်းပြခဲ့သည်။
ယခု မတ်လအတွင်း၌ နမ်းနိန်းကျေးရွာအပါအဝင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း ဝန်ကြီးက ပြောသည်။
“ဒါကတော့ မတ်လ ၁၁ရက်နေ့မှာ လူ ၂၂ဦးသေခဲ့တဲ့ နမ်းနိန်းကျေးရွာ၊ မတ်လ ၄ရက်နေ့မှာ တနင်္သာရီတိုင်း လောင်းလုံမြို့နယ်မှာ လူ ၅ဦးကို သတ်ဖြတ်ခဲ့တဲ့အဖြစ်အပျက်၊ မတ်လ ၃ရက်နေ့မှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ လူ ၇ဦးကို သတ်ဖြတ်ခဲ့တဲ့အဖြစ်အပျက်၊ ဒါ့အပြင်မတ်လ ၁ရက်နေ့မှာ စစ်ကိုင်းတိုင်းတာတိုင် ကျေးရွာ မှာ ပြည်သူ လူထု ၁၇ဦး သတ်ဖြတ်ခဲ့တဲ့ အမှုတွေက မတ်လအတွင်းမှာ တကယ့်ကို ဆိုးဝါးလာတဲ့အချက်ကို ပြနေပါတယ်”ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က လူ ၅ဦးနှင့်အထက် သတ်ဖြတ်ခဲ့သည့် အမှု စုစုပေါင်း ၆၄မှု ကို မှတ်တမ်းတင်ထားကြောင်းလည်း ဝန်ကြီးက ပြောသည်။
“အဲဒီရဲ့ သတ်ဖြတ်မှုကြောင့် လူပေါင်း ၇၆၂ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကိန်းဂဏန်းအတိအကျ ကိုလည်းရရှိခဲ့ပါတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် ရွာတစ်ရွာ လူမျိုးတစ်မျိုး အဖြစ်အပျက်တစ်ခုကို ကြည့်ပြီး ဒါကို ကောက်ချက်ချလို့ မလုံလောက်တော့ပါဘူး။ ဖြစ်နေတဲ့အရာတွေ အားလုံးက စစ်ဗျူဟာထဲမှာ ထည့်သွင်းပြီး အရပ်သားပြည်သူ တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်ဆိုတဲ့ အချက်အလက်တွေ အများကြီးထင်ရှားနေပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။
လုံခြုံရေးအကြောင်းပြ တိုက်ခိုက်ခြင်းမျိုးသာမက စစ်ကြောင်းတစ်ခုနှင့်ထိုးပြီး စစ်ဗျူဟာတစ်ရပ် အနေဖြင့် စစ်ဒေသတစ်ခုကဲ့သို့ သတ်မှတ်ကာ ပြည်သူလူထုအပေါ် ကျူးလွန်နေခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကလည်း ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဖြစ်သည့် PNO/PNA အနေဖြင့် စစ်ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စကို ပြန်လည်သုံးသပ်ကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
PNO/PNAနှင့် ပအိုဝ်းပြည်သူများကို စစ်ကောင်စီက တလွဲအသုံးချခြင်းကို ခံနေရသည်ဟုလည်း ဦးခွန်မြင့်ထွန်းက ပြောသည်။
ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ လိမ်ညာ ဝါဒဖြန်ခြင်းများအား မယုံကြရန် ၎င်းက ဆိုသည်။
“အထူးအားဖြင့် နာယကကြီး ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO/PNA အနေနဲ့ ဒီကနေ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေကို မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်ပေးပါလို့ ဒီနေရာကနေ ပန်ကြားပါတယ်”ဟု ခွန်မြင့်ထွန်းက ပြောသည်။
နမ်းနိန်ရွာ၌ ကျန်နေသည့် ဒေသခံမ ၃၃ဦးအနက် ၂၂ဦး၏ ရုပ်အလောင်းကို တွေ့ရှိရပြီးကျန် ၁၁ဦး မှာမူ ပျောက်ဆုံးနေဆဲဖြစ်သည်။
အဆိုပါ ပျောက်ဆုံးနေသည့် ရွာသား ၁၁ဦး အသက်ရှင်လွတ်မြောက်နေခြင်းရှိမရှိ၊ စစ်ကောင်စီက အခြားနေရာသို့ဖမ်းခေါ်သွားပြီး သတ်ဖြတ်လိုက်ခြင်း ဟုတ်မဟုတ် စသည်နှင့်ပတ်သက်သည့် အချက်အလက်များကို အတည်မပြုနိုင်သေးကြောင်း KNDF တာဝန်ရှိသူက ပြောသည်။
KSPပြောရေးဆိုခွင့်ရှိသူကလည်း “စာရင်းအရ ၃၃ယောက်ပေါ့။ အလောင်းတွေ့တာ ၂၂ယောက် ကျန်တဲ့ ၁၁ယောက်က ပျောက်ဆုံးနေဆဲပေါ့။ အဲဒီ ၁၁ယောက်ကို စကစကပဲ ဖမ်းဆီးခေါ်ဆောင်ပြီး ပစ္စည်းတွေ သယ်ခိုင်းတာလား ဒါမှမဟုတ် လူသားဒိုင်းအနေနဲ့ ပြန်အသုံးချဖို့လား ဒါမှမဟုတ် လော်ဘီတွေကနေ တဆင့် ဆိုက်ဝါးတွေ ထည့်တဲ့အချိန်မှာ ပြန်လည်ပြီး အသုံးချဖို့လားဆိုတာ ကျနော်တို့လည်း တိတိကျကျ မသိရဘူး” ဟု KSP မှ ကိုဘိုဘိုက ပြောသည်။
PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက “PNO/PNAနဲ့ ပအိုဝ်းပြည်သူတွေကို တင်ပြချင်တာက ဒီကနေ့ စစ်ကောင်စီဟာ ကျနော်တို့ ပအိုဝ်းပြည်သူတွေကို တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေနဲ့ ရန်တိုက်ထားပေးတာဖြစ်ပါတယ်။ ဒီလို ရန်တိုက်ထားပေးတဲ့အတွက် တစ်ပြည်လုံးက ကျနော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ရန်သူဖြစ်ရမယ့် ဘ၀ကို ရောက်နေတာဖြစ်ပါတယ်။ကျနော်တို့ လိုချင်တာ အထူးဒေသ(၆) မဟုတ်ပါဘူး။ ကျနော်တို့လိုချင်တာ ပအိုဝ်းပြည်နယ် ဖြစ်ပါတ်။ ပအိုဝ်းပြည်နယ်သစ်ကိုလိုချင်တယ်။ အဲဒီ အတွက် အထူးဒေသ(၆)ကို ကာကွယ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်တိုင်းပြည်လုံးနဲ့ ရန်ဖြစ်စရာမလိုဘူးလို့ မြင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပင်လောင်းဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်း၌ PNO တပ်ဖွဲ့ဝင်များလည်း ပါဝင်လာသည်ဟု ကရင်နီတပ်ဖွဲ့တာဝန်ရှိသူ အချို့က ပြောသည်။
“အဲဒီ ချီလာတဲ့ စစ်ကြောင်းမှာက ပအိုဝ်း အထူးကွန်မန်ဒိုတပ် အယောက် (၅၀) ပါတယ်ဆိုတာ ခိုင်ခိုင်မာမာ ကျနော်ပြောနိုင်ပါတယ်။ အဲဒီ ပအိုဝ်း အထူးကွန်မန်ဒိုတပ်မှာ ဦးစီးတဲ့တပ်မှူးက မောင်သိမ်းလို့ ခေါ်ပါတယ်။ ဒါက ကျနော်တို့ ခိုင်ခိုင်မာမာ ရထားတဲ့ အချက်အလက်တစ်ခုပါ” ဟု KNDF တာဝန်ရှိသူက ပြောသည်။
အဆိုပါ PNO/PNA အနေဖြင့် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ခိုက်ရန် လိုက်ပါလာခြင်းထက်၊ ပွဲတော် တစ်ခုသို့ လုံခြုံရေးသွားရန် စစ်ကောင်စီတပ်က လိမ်ခေါ်လာခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ထားသည်။
“ဒီလူသတ်မှုမှာ PNOက PNAက ပါမပါဆိုတာ ကျနော်တို့ အတည်ပြုလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ သတ်တဲ့အချိန်မှာ ကျနော်တို့ မရှိနေလို့ပဲဖြစ်ပါတယ်”ဟု KSPမှ ကိုဘိုဘိုက ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ PNO/PNA အနေဖြင့် နမ်းနိန်းရွာခံများအား စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကိုဖုံးကွယ်ပြီး KNDF နှင့် အပေါင်းအပါများက ကျူးလွန်ကြောင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဖြစ်ရပ်မှန်ကို ကွယ်ဝှက်ပြီး ယင်းသို့ စစ်ကောင်စီအလိုကျ ဝါဒဖြန့်ချိနေခြင်းသည် အမှန်တရား ပေါ်ပေါက်ခြင်းထက် အဆိုးဘက်ကို ဦးတည်သွားမည်ကို စိုးရိမ်ကြောင်း KSCC ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးအောင်ဆန်းမြင့်က ပြောသည်။
“ကျနော်တို့ ဖြစ်ရပ်မှန်တွေကို ကျနော်တို့က မဖော်ထုတ်နိုင်ဘူးဆိုရင် ကျူးလွန်သူတွေကို အပြစ်က ကင်းလွတ်ခွင့်ပေးနေခြင်းဖြစ်တယ်ဆိုတာကို ကျနော်တို့အနေနဲ့ သိထားဖို့လိုပါတယ်” ဟုလည်း ဦးအောင်ဆန်းမြင့်က သတိပေးခဲ့သည်။


















































