ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာသည့် ရန်ကုန် – မန္တလေး အမှတ်(၃) အဆန်ရထားသည် ယနေ့ (မတ်လ ၂၂) နေ့လည်ပိုင်းတွင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခရီးသည်အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများမှ တဆင့်သိရသည်။
ယနေ့ နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ရထားသံလမ်း တံတားအမှတ် (၂၁၇)အနီး၌ ရန်ကုန် – မန္တလေး အမှတ် (၃)အဆန်ရထားသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အုတ်တွင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။
ယင်းပေါက်ကွဲမှုကြောင့် ရထားပေါ်ပါခရီးသည် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျွဲပွဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုမှုခံယူနေကြောင်း ဒေသခံ ပရဟိတလူငယ်တစ်ဦးက ဆိုသည်။

” ရထားကကျွဲပွဲမြို့နဲ့ ညောင်ခြေထောက်ကြားမှာ ဗုံးပေါက်တာပါ။ ရထားစက်ခေါင်းမှန်ကွဲသွားတယ်။ ထိုင်ခုံအချို့လည်း ပျက်ဆီးသွားတာ တွေ့ရတယ်။ ရိုးရိုးတန်းက စီးလာတဲ့ အမျိုးသား နှစ်ဦး ထိခိုက်မိသွားလို့ သူတို့ကို ကျွဲပွဲတိုက်နယ်ဆေးရုံကို ပို့ထားပါတယ်။ ဒဏ်ရာကတော့ အရမ်းစိုးရိမ်ရတဲ့ အခြေအနေမဟုတ်ပါဘူး “ဟု ၎င်းက ဆိုသည်။
အဆိုပါ ရထားပေါက်ကွဲမှုကို မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကို မသိရပေ။
သို့သော် ယင်းကဲ့သို့ အပြစ်မဲ့ပြည်သူများ စီးနင်းလာသည့် ရထားအား ဖောက်ခွဲမှုလုပ်ဆောင်ခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ပင် ဖြစ်နိုင်ကြောင်း ပြည်သူအချို့က ဆိုသည်။
“ပြည်သူကို သက်သက်မဲ့ထိခိုက်အောင်လုပ်တယ်ဆိုကတည်းက စစ်တပ်ရဲ့လက်ချက်ပဲဆိုတာ သိသာပါတယ်။ ပြီးရင်တော့ စကစက PDF တွေ လုပ်တယ်ဆိုပြီး အပြစ်ထိုးချပါလိမ့်မယ်။ ဒါက ဝါဒဖြန့်ဖို့ သူတို့လိမ်နေကြပုံစံတွေပါပဲ “ဟု ပြည်သူတစ်ဦးက လူမှုကွန်ရက်၌ မှတ်ချက်ပြု ရေးသားခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရန်ကုန် – မန္တလေး အမှတ်(၃) အဆန်ရထားကို စစ်ကောင်စီဝင် အများအပြားစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံပြည်သူများမှ တဆင့်သိရသည်။
