စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် တပ်မတော်နေ့စစ်ရေးအခမ်းအနားပြုလုပ်ရန်ပြင်ဆင်နေသော စစ်ရေး ပြကွင်းနှင့် လေယာဥ်ကွင်းတစ်ခုအား ၁၀၇ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်(နေပြည်တော်)NPT PDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။
ယနေ့ မတ် ၂၆ ရက်ညနေပိုင်းက နေပြည်တော် စစ်ရေးပြကွင်းနေရာနှင့် သာဝတ္ထိနှင့် ရေနီကြားရှိ လေ့ကျင့်ရေး (၅)တပ်ဝန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။
“သာဝထ္တိ ရေနီ ကြားရှိတဲ့ လေ့ကျင့်ရေး ၅ ကိုထုထားတာ ၄ နာရီလောက်က။ လုပ်ငန်းစဥ်မပို့လာသေးတော့ အသေးစိပ်ပြောလို့ မရသေးဘူးဗျ။ မစ်ရှင် ၂ ခုလွှတ်ထားတယ်။ စစ်ရေးပြကွင်းရော၊ လေယာဥ်ကွင်းရော”ဟု NPD PDF မှ တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။
ဖက်ဆစ်တိုက်ဖျက်ရေးနေ့(မတ် ၂၇)တွင်စစ်ကောင်စီက စစ်ရေးပြအခမ်းအနားပြုလုပ်ရန် နာရီပိုင်းအလိုဖြစ်သောယနေ့ည ၇ နာရီကျော်၌ PDFများက စစ်ရေးပြကွင်းအား တိုက်ခိုက်မှုတွင် ၁၀၇ ရှော့တိုက်ဒုံးလေးလုံးအသုံးပြုပစ်ခတ်ခဲ့ကြောင်းတော်လှန်ရေးအင်အားစုအချို့ကပြောသ်။ ယနေ့ မတ် ၂၆ တွင်ကျရောက်သော ကိုဖြိုးဇေယျာသော်(ခ) မောင်ကျော်၏ တော်လှန်မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

Public Service Announcement

စစ်ကောင်စီသည် မနက်ဖြန်ကျရောက်မည့် (၇၈) နှစ် မြောက် တပ်မတော်နေ့အတွက် အခမ်းအနားပြုလုပ်ရန် နေပြည်တော်၌ ပြင်ဆင်လျှက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များ ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ချိန်တွင်လည်း စစ်ကောင်စီတပ်များရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အထက်ပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊မရှိကို မသိရသေးဘဲစုံစမ်းနေဆဲဖြစ်သည်။
မတ်လ (၁၃)ရက် ညနေပိုင်းကလည်းနေပြည်တော် PDF လက်နက်ကြီးအဖွဲ့က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုရွာ အနီးရှိ ခမရ(၆၀၄) တပ်ရင်းသို့ လက်နက်ကြီး (၄) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
လက်နက်ကြီး(၄) လုံးအနက် (၁) လုံးမှာ ရန်သူ့တပ်၏ စစ်တန်းလျားသို့ တိုက်ရိုက်ထိမှန်ခဲ့ပြီး (၁)လုံးမှာ လက်နက်တိုက်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကာ ကျန်(၂) လုံးမှာ တပ်ရင်းအနီးပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
ထိုအပြင်ဖေဖော်ဝါရီ ၂၂ ရက်ကလည်းနေပြည်တော်၊ တောင်ညိုဒေသ ဥတ္တသီရိမြို့နယ်တွင် အခြေစိုက်သည့် အမှတ် (၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှ လေဆိပ်ဗျူဟာအား PDF တပ်ပေါင်းစုက တာဝေးပစ်ဒုံးကျည် ၂ စင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတစ်စင်းသည် အရာရှိအဆောင်ဟုယူဆရသည့် အဆာင်ကိုထိမှန်ခဲ့ကြောင်းနေပြည်တော် PDF မှတာဝန်ရှိသူကပြောသည်။ထိုကြောင့် တစ်လ ဝန်းကျင်အတွင်းနေပြည်တော်ရှိ စစ်ရေးပစ်မှတ် ၄ ခုကို PDFများကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
