လက်လက်ခဲယမ်းများ သိမ်းဆည်းရမိဟု တနင်္သာရီစစ်ဒေသခွဲ အသိပေး
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ဝါးကျွန်းကျေးရွာရှိ စစ်ကောင်စီ၏ လက်ပါးစေပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ အဆိုပါအဖွဲ့ခေါင်းဆောင်နှစ်ဦးကို သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဖက်စစ်တော်လှန်ရေးနေ့ လက်ဆောင်အဖြစ် ယနေ့ နံနက်စော ၂နာရီခန့်က ဘုတ်ပြင်းမြို့နယ်နှင့်ကော့သောင်းမြို့နယ်(ပကဖ)ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ သေဆုံးခဲ့ခြင်းဖြစ်သည်။
“ပျူစောထီးနဲ့ ပုံစံတူတဲ့ ပြည်သူ့စစ်တွေပါ။ဘုတ်ပြင်းမြိုနယ်မှာက နဂိုကတည်းက စကစထောင့်တိုင် ပြည်သူ့စစ်အားကောင်းတော့ ပျူစောထီး သီးချားမဖွဲဘဲ ရှိနှင့်ပြည်သူ့စစ်တွေကို လက်နက် ပိုတတ်ဆင်ထားပြီး မွေးထားတာပါ။”ဟု တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်က စစ်ကူအချိန်မီမလာနိုင်ခဲ့သလို စစ်ကူလာရန်လည်း အင်အားမရှိသလောက်ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ တိုက်ပွဲအပြီးအတွင် ပြည်သူ့စစ်အဖွဲ့ထံမှ AK 47- လေးလက်၊ AK ကျည်ဘောက် ငါးခု၊ M16 တစ်လက်၊ M16 ကျည်ဘောက် ၁၁ခု၊ နာနတ်သီး သုံးလုံး၊ လက်ပစ်ဗုံး တစ်လုံး၊ M16 ကျည် ၁၇၀တောင့် ၊AK ကျည် ၃၅၅ တောင့်၊ အထိုင်ဖုန်း တစ်လုံး၊ စမတ် ဖုန်းတစ်လုံး အပါအဝင်စသည့် လက်နက်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ကျဆုံးခန်းမြင်နေရပြီဖြစ်၍ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အမှန်တရားဘက်ပြောင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံသင့်ပြီဟု အဆိုပါအဖွဲ့က ဆိုသည်။
