ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ မယ်ခါးထာ့တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက People’s Spring သတင်းဌာနသို့ အတည်ပြုဖြေကြားသည်။
စခန်းသိမ်းပိုက်နိုင်မှု အသေးစိတ်အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။
မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းကို မီးရှီု့လိုက်ပြီးဖြစ်ကြောင်း Salween Press က ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

ထို့ပြင် စစ်ကောင်စီတပ်က လေယာဉ်များ လာရောက်ခဲံကြောင်း ဒေသခံသတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားသော်လည်း လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခြင်းရှိမရှိကို ဖော်ပြမထားပေ။
ယနေ့နံနက် ၆နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်အသံများကြားရပြီး အီးထူထာ့ စစ်ရှောင်စခန်းမှ ဒေသခံ အချို့ တိမ်းရှောင်နေရသည်ဟု စစ်ရှောင်အချို့ကို ကိုးကားပြီး Salween Pressက ဖော်ပြသည်။

အဆိုပါ မယ်ခါးထာ့တပ်စခန်းသည် မြန်မာ – ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းဘေး၌ တည်ရှိသည့် စစ်ကောင်စီစခန်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် KNLA တပ်မဟာ(၅)က ၎င်းနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ အဆိုပါနယ်စပ်ရှိ တပ်စခန်းများလည်းပါဝင်သည်။
