▪︎လက်နက်မျိုးစုံ ၁၀ လက်ကျော်သိမ်းဆည်းရရှိပြီး ၊စစ်သုံ့ပန်း ၂ ဦးမှာတပ်ကြပ်ကြီးတစ်ဦး၊ဒုတပ်ကြပ်တစ်ဦးဖြစ်
မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်တွင်တပ်စွဲထားသောစစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များကတိုက်ခိုက်ရာ စစ်သား ၂၀ဦးထက်မနည်းသေဆုံးပြီးနှစ်ဦးအရှင်ဖမ်းမိကာလက်နက်၊ခဲယမ်းများ ရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF မှတာဝန်ရှိသူကပြောသည်။
“ဖမ်းမိတာ တပ်ကြပ်ကြီးအဆင့်ရယ်၊ဒုတပ်ကြပ်ရယ်ပေါ့ ။ရရှိတဲ့ လက်နက်တွေက တော့ ပုံမှာပါတဲ့ဟာ အကုန်ပဲ”ဟု မိုးဗြဲ PDF မှတာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ (ဧပြီ ၂၆ ရက်)က မိုးဗြဲ PDF တပ်ရင်း ၁ ၊ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-01 နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ပူးပေါင်းပြီး နံနက် (၆) နာရီမှ ၉ နာရီခွဲ အထိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

စစ်ကောင်စီတပ်မှ အထိနာသဖြင့် လက်နက်ကြီးပစ်ကူများ အဆမတန် ပြုလုပ်သည့်အပြင် တိုက်လေယာဥ်ဖြင့် (၄) ကြိမ်လာရောက် ပစ်ခတ်ခဲ့ကြောင်းလည်းသိရသည်။
တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား (၂၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂) ဦးအရှင်ဖမ်းမိကာ အချို့ ထွက်ပြေးခဲ့ကြောင်း မိုးဗြဲ PDF က သိမ်းဆည်းရရှိသော လက်နက်များ ၊သေဆုံးစစ်သားအလောင်းများ ၊စစ်သုံ့ပန်း နှစ်ဦးတို့၏ ဓါတ်ပုံနှင့်တစ်ကွ သတင်းထုတ်ပြန်သည်။လက်နက်မျိုးစုံ ၁၃ လက်ကျော်သိမ်းဆည်းရရှိသည်ကိုလည်း ထုတ်ပြန်သောဓါတ်ပုံများတွင်တွေ့ရသည်။ သတင်းဓါတ်ပုံအစုံကို People’s Spring တယ်လီဂရန်တွင်ကြည့်ရှုနိုင်ပါသည်။
ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်အချို့လည်း ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
ညောင်ဝိုင်းရပ်ကွက်သည် မိုးဗြဲ မြို့လယ်တွင်တည်ရှိ သည့်အတွက် ပြည်သူလူထုအသက်အိုးအိမ် ထိခိုက်မည်စိုး၍ ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ပြီး နောက် ပြန်လည်ဆုတ်ခွာခဲ့ခြင်းဟု မိုးဗြဲ PDF မှတာဝန်ရှိသူကပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဥ် ပြည်သူများသွားလာခြင်းမပြုလုပ်ရန် လုံခြုံရာတွင်နေထိုင်ရန်လည်း မိုးဗြဲ PDF ကယနေ့ တွင်အရေးပေါ် သတိပေးချက်ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မိုးဗြဲ မြို့ တွင်း စစ်ရေးအခြေအနေ တင်း မာနေဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်က လွိုင်ကော်မှတဆင့် အင်အားဖြည့်တင်းနေသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်လာသော တာဝေးပစ်လက်နက်ကြီးများကြောင့် မိုးဗြဲမြို့ပြည်သူ လူထု၏ နေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်များနှင့် ပူးပေါင်းမဟာ မိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေတင်းမာလျှက်ရှိရာ ပြည်သူများအနေဖြင့် တိုက်ပွဲများဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်တွင် သွားလာခြင်း၊ နေရပ်ပြန်ခြင်းများမပြုလုပ်ကြရန် မိုးဗြဲ PDF က သတိပေးထားသည်။
