▪︎ငွေကြေးတက်နိုင်သူများကအခေါက်ရွှေဝယ်ယူမှုများလာပြီး အထည်ဝယ်သူနည်းနေဟုရွှေလုပ်ငန်းရှင်များပြော
မိုခါမုန်တိုင်းပြီး ရွှေတစ်ကျပ်သားကိုကျပ် နှစ်သောင်းကျော်မြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃,၀၂၅,၀၀၀ အထိဈေးရှိလာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။
ပြည်တွင်းအခေါက်ရွှေဈေးသည် မေ ၁၂ ရက်က တစ်ကျပ်သားကို ကျပ် ၃,၀၀၅,၀၀၀ ရှိရာမှ မေ ၁၆ ရက်(ယနေ့)တွင် ၃,၀၂၅,၀၀၀ အထိရှိလာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။
“မေလဆန်းပိုင်းတုန်းက တစ်ကျပ်သား သိန်း ၃၀အောက်ပဲရှိတာ။ အခုက ကမ္ဘာရွှေဈေးတက်လာလို့ မြင့်လာတာလို့ အကြမ်းဖျင်းပြောရပေ့မယ်၊ နိုင်ငံရေးနဲ့ မုန်တိုင်းကြောင့် သက်ရောက်မှုလည်းရှိတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိတွင်ရွှေဈေးမှ အတက်ကြမ်းနေသည်ဟု သတ်မှတ်နိုင်ပြီး ရွှေဈေးမြင့်တက်လာခြင်းနှင့်အတူကုန်ဈေးနှုန်းများပါ မြင်တက်လာမည်ကို စိုးရိမ်ကြောင့် အခြားရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“အချိန်နဲ့အမျှတက်နေတာလို့သတ်မှတ်လို့ရတယ်။မုန်တိုင်းကြောင့်ရွှေဝယ်တဲ့သူများလာတယ်။နောက်ပြီးကျပ်ငွေတန်ဖိုးကျလာတာကို သိတဲ့သူတွေကရွှေကို ဝယ်စုလာတယ်”ဟု ၎င်းကဆိုသည်။
မျုခါမုန်တိုင်းပြီးနောက် ငွေကြေးတက်နိုင်သူများကအခေါက်ရွှေဖြစ်သည့် ရွှေတုံးများကို ဝယ်ယူသူများလာသော်လည်း အများပြည်သူဝယ်ယူလေ့ရှိသည့် အထည်များများမှာအရောင်းအဝယ်အေးနေသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ဩဂုတ် ၃၁ ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၄ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့သည်။ထိုနောက်စစ်ကောင်စီက ကုန်သည်များရွှေဈေးကစား၍ဈေးတက်သည်ဆိုကာဖမ်းဆီးစစ်ဆေးခြင်း ၊ရွှေအသင်းမှတစ်ဆင့် ဈေးချရန်ဖိအားပေးခြင်း ၊အွန်လိုင်းမှရောင်းဝယ်ခြင်းများပိတ်ပင်ခြင်းစသဖြင့် မျိုးစုံဖိအားပေးပြီးနောက် ရွှေဈေးပြန်ကျခဲ့သည်။
အထက်ပါအချက်များအပြင် ကမ္ဘာရွှေဈေးနှင့် ဒေါ်လာဈေးပါကျသဖြင့် ၂၀၂၂ အောက်တိုဘာလတွင် တစ်ကျပ်သား ၂၇ သိန်းကျော်အထိဈေးပြန်ကျခဲ့သည်။
သို့သော် ရွှေဈေးမှာယခုလပိုင်းအတွင်း တရိပ်ရိပ်ပြန်တက်လာပြီး ကျပ်သိန်း ၃၀ကျော်မထိ မြင့်တက်လာပြန်သည်။
ပြည်တွင်းရွှေဈေး ကျပ် သိန်း ၃၀ကျော်အထိမြင့်တက်နေသော်လည်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက မေ ၁၆ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၃ သိန်းကျော်( ၂,၃၆၈,၀၀၀) သာရှိသည်ဟုဈေးဖွင့်ထားသည်။ ထို
အပြင်ရွှေဆိုင်နှင့် ရွှေကုန်သည်များအနေဖြင့် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းအောက်ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်သင့်ကြောင်း အဆိုပါအသင်းက ဧပြီ ၂၇ ရက် ညနေပိုင်းတွင်ထုတ်ပြန်ခဲ့သေးသည်။
စစ်အုပ်စုအာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းက ရွှေတစ်ကျပ်သားလျှင် ကျပ်၁၃ သိန်းကျော်၊၁ ဒေါ်လာလျှင် ၁၃၃၇ ကျပ် သာရှိခဲ့သည်။
