မုန်တိုင်းကြောင့် ပုဂံမှာ မိုးကြီးပြီး ရှေးဟောင်း ဘုရား ၁၅ ဆူရေဝင်သလို နာမည်ကြီး ဘုရားတွေအပါအဝင် ရှေးဟောင်းအဆောက်အဦး ၈ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပါတယ်။
ပုဂံမှာ မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ရွာသွန်းတဲ့မိုးရေချိန်ဟာ နှစ်ပေါင်း ၆၀ အတွင်း စံချိန်သစ်တင်ခဲ့တယ်လို့စစ်ကောင်စီက ဆိုပါတယ်။
ဒါကြောင့် ဘုရားတွေထဲရေဝင်တာ ၊ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
ရေဝင်တဲ့ ဘုရား ၁၅ ဆူဟာ ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဋ္ဌာမဏိဘုရား၊ ဓမ္မရာဇက ဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရားနဲ့ ရွှေနန်းရင် တော ဘုရားတို့ဖြစ်ပါတယ်။
ထိခိုက်ပျက်စီးမှု ရှိခဲ့တဲ့ ဘုရားတွေကတော့ ထီးလိုမင်းလိုဘုရား ၊ သဗ္ဗညုဘုရား၊ဓမ္မရာဇကဘုရားကြီး၊အာနန္ဒာအုတ်ကျောင်းမုခ်ဦး၊ပုထိုးသားများဘုရားစတဲ့ ရှေးဟောင်းဘုရား တွေဖြစ်တယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့ သာသနာရေးဝန်ကြီးဌာနက ပျက်စီးမှု ရှိခဲ့တဲ့ ဘုရားတွေကို ပြုပြင် ထိန်းသိမ်းနေတယ်လို့ ဆိုထားပါတယ်။
ရေဝင်နေတဲ့ ဘုရားတွေမှာတော့ ရေစက်စုပ်တွေသုံးပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရေစုပ်ထုတ်နေတာတွေ့ရပါတယ်။
