စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ၂၄နာရီအတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လေးဦး ရှင်းလင်းခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ယမန်နေ့ (မေလ၂၃ ရက်) နံနက် ၈နာရီ ၁၅ မိနစ်ခန့်က ရွှေဘိုမြို့ပေါ် အမှတ်(၈)ရပ်ကွက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုဘိုမြင့်ဆိုသစျေးဝယ်ထွက်လာချိန် ပစ်ခတ်ခဲ့ကြောင်း Flying Dragon Forceအဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ အုပ်ချုပ်ရေးမှူးက ပြန်လည်ပစ်ခတ်ရန် ကြိုးစားစဥ် လက်ဦးမှုယူပြီး ရှင်းလင်းလိုက်ကြောင်း၊ ယင်း အုပ်ချုပ်ရေးမှူးသည် မြို့ပြ UG များ တည်ရှိသည့်နေရာများသို့ စကစထံ လမ်းညွှန်သတင်းပေးခြင်း၊ ပြည်သူများအပေါ် အနိုင်ကျင့်ခြင်း၊ မိုက်ရိုင်းစော်ကားပြုမူခြင်း ၊ဧည့်စာရင်း လာတိုင်ရာတွင် ပြည်သူအများပြားထံမှ ငွေကြေးအဆမတန် မတရားတောင်းခံခြင်းများ သတင်းထွက်နေ၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Flying Dragon Forceအဖွဲ့က အသိပေးသည်။
ရှင်းလင်းစဥ် PDFရဲဘော်တစ်ဦးအား အုပ်ချုပ်ရေးမှူးအိမ်မှလူအချို့က ရိုက်နှက်ခဲ့သည်ကို ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။
“စကစခန့်အုပ်ကြီးကို ၀င်ရှင်းတာ။ အဲ့အိမ်ကလူတွေက ပြန်လည်ခုခံတာ။”ဟု Flying Dragon Forceအဖွဲ့တာဝန်ရှိသူက ပြောသည်။

ဖြစ်စဥ်အပြီး ၅မိနစ်ခန့်အကြာတွင် အလောင်းအား စစ်အုပ်စုက လာကောက်သွားကြောင်း၊ ထိုစစ်ဆင်ရေးကို Flying Dragon Force ၊ SHWEBO Defent Force (SBDF)LPDF စခန်း(၂) Buffalo Soldiers. Freedom Force LPDF ဗိုလ်မိကျောင်း ၊ Snake Eyes PDF နှင့် တန(၂)တပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
အလားတူ ယမန်နေ့ည ၈နာရီခန့် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းကျေးရွာအုပ်စု၊ အုံးကုန်းရွာအုပ်ချုပ်ရေးမှူး ကိုကျော်ဝင်းဆိုသူအား အဖွဲ့အစည်းတစ်ခုက လာရောက်ပစ်ခတ်ရှင်းလင်းခဲ့၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ယနေ့ (မေလ ၂၄ ရက်) နံနက် ၇ နာရီ ၁၅ မိနစ်ခန့်ကလည်း ငါန်းဇွန်မြို့နယ်ရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်သော သန့်ဇင်ကုန်းရွာ အုပ်ချုပ်ရေးမှူး ကိုသန်းဇော်လင်းနှင့် ဇလှပ်မကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို အရက်ဆိုင်တစ်ဆိုင်၌ အရက်သောက်နေစဉ် ပြည်သူ့ကာကွယ်ရေးပြောက်ကျား တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း TGYR – Youth Guerilla Counter Revolution (LPDF) အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သန့်ဇင်ကုန်းရွာနဲ့ ဇလှပ်မရွာကြားမှာရှင်းခဲ့တာပါ။ သူတို့ကအဖွဲ့တောင့်တယ်ဗျ။ သူတို့အဖွဲ့က၁၇ ယောက်လောက်ရှိတယ်။”ဟု TGYR – Youth Guerilla Counter Revolution (LPDF) အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုရှင်းလင်းမှုကို TGYR – Youth Guerilla Counter Revolution (LPDF) အထူးပြောက် ကျားတပ်ဖွဲ့၊ 925 ပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းဖိုက်တာ တပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
