မကွေးတိုင်း ပခုက္ကူ − ရေစကြို ကားလမ်းမှာ စစ်ဆေးနေချိန် ကား ၃ စီးပေါ်မှာ လိုက်ပါလာတဲ့ Non – CDM ဆရာ၊ ဆရာမ အယောက် ၆၀ ကျော်ကို ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးလိုက်ပြီလို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Young Force – UG) က မေလ ၂၃ ရက်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီ ဆရာ ၊ ဆရာမတွေကို ပြီးခဲ့တဲ့အပတ် မေလ ၁၈ ရက်က စတင်ပြီးထိန်းသိမ်းထားတာလို့ ဆိုထားပါတယ်။
မေလ ၁၈ ရက် ညနေပိုင်း ပခုက္ကူ − ရေစကြို ကားလမ်းပေါ်မှာ စစ်ဆေးနေချိန် ကား ၃ စီးကို စစ်ဆေးရာမှာ လိုက်ပါလာသူတွေဟာ Non – CDM ဆရာ ၊ဆရာမတွေဖြစ်တာကို သိရလို့ ခေတ္တထိန်းသိမ်းတာလို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Young Force – UG) ရှင်းလင်းထားပါတယ်။
ဒါပေမယ့် လူအရေအတွက်များတာ ၊ထိန်းသိမ်းထားဖို့ အခက်အခဲတွေရှိတာကြောင့် ပြန်လွှတ်ပေးလိုက်တာလို့လည်း အဲဒီအဖွဲ့က ဆိုထားပါတယ်။
ပြန်လွှတ်ပေးရာမှာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ၊ ဖမ်းဆီးနှိပ်စက်မှုတွေ ကို ရှင်းပြပြီး နောက်ဆုံးအကြိမ်အဖြစ် သတိပေးလိုက်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။
လူတွေကို ပြန်လွှတ်ပေးပေမယ့် ကား ၃ စီးကို သိမ်းယူထားသလို ကျောင်းသုံးဆက်စပ်ပစ္စည်းတွေကို လိုအပ်တဲ့ စာသင်ကျောင်းတွေဆီ ခွဲဝေပေးမယ်လို့ သိရပါတယ်။
ရွှေထည်ပစ္စည်းတွေကိုတော့ သိမ်းယူခဲ့တာမရှိဘူးလို့လည်း အသိပေးထားတာတွေ့ရပါတယ်။
