▪︎ချင်းပြည်သို့ ဒေသခံများအမှအပပြင်ပခရီးသွားများဝင်ရောက်ခြင်းကိုတားမြစ်ကြောင်းအသိပေး
အများပြည်သူ ခရီးသွားယာဉ်များမှစစ်ကောင်စီတပ်၏အဖွဲ့ဝင် သို့မဟုတ် လက်နက်ခဲယမ်းနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့ထုတ်ပြန်ကြေညာသည်။
ထို့အပြင် ချင်းပြည်သို့ ဒေသခံ ချင်းပြည်သူများမှအပ ပြင်ပမှ ခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ဖော်ပြထားသည်။
စစ်တပ်သည် ချင်းပြည်အတွင်းသို့ အများပြည်သူ ခရီးသွား ယာဉ်များ အသုံးပြုကာ အရပ်ဝတ်ဖြင့် ဝင်ရောက်ပြီး စစ်ရေးဆိုင်ရာအင်အားဖြည့်တင်းလျက်ရှိနေ၍ ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။


အကယ်၍ ချင်းပြည်သို့ လာရောက်ရန် အရေးကြီး ကိစ္စရှိပါက သက်ဆိုင်ရာ ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များ၏ ထောက်ခံစာဖြင့်သာ ဝင်ခွင့်ပြုမည်ဟု ထုတ်ပြန်သည်။
အသိပေးထုတ်ပြန်ချက်ပါ အချက်များကို ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူမည်ဟု ဖော်ပြခဲ့ပြီး အမိန့်တစ်စုံတရာ မထုတ်ပြန်မချင်း ဤထုတ်ပြန်ချက်သည် အတည်ဖြစ်သည်ဟု ယနေ့ဇွန်လ ၈ရက် နေ့စွဲဖြင့် ကြေညာခဲ့သည်။

Public Service Announcement

ယခုထုတ်ပြန်ချက်နှင့် ချင်းပြည်အတွင်း လတ်တလော စစ်ရေးအခြေအနေများကို မေးမြန်းရန် CNF လက်အောက်ခံ ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် CDF တာဝန်ရှိသူ အချို့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

ပြီးခဲ့သည့် ရက်ပိုင်းက ချင်းတပ်ဖွဲ့များ၏ အသိပေးချက်အရ စစ်ကောင်စီတပ်သည် ဟားခါးနှင့် ထန်တလန်ကြားသို့ လက်နက်ကြီး၊ လေကြောင်း ပစ်ကူရယူပြီး ထိုးစစ်ဆင်လာ၍ မေလ ကုန်မှ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်။စစ်ကောင်စီတပ်ကဟားခါးနှင့်ထန်တလန်ကြားရှိ သီးမြစ်ဒေသသို့ စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာ၍ ချင်းပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

“စစ်ကြောင်းက နှစ်ကြောင်းနဲ့ သူတို့က ထထိုးလာတာ။ သီမြစ်ချောင်း အပေါ်ဘက်က စစ်ကြောင်းတစ်ကြောင်းက ဒီနေ့ တိုက်ပွဲမရှိဘူး။ သီးမြစ်ချောင်းရဲ့ အောက်ဘက် အဲဒီမှာပဲ တိုက်ပွဲရှိနေတယ်။ အဓိကတော့ ဟားခါးထန်တလန်ကြားဆိုပေမယ့် ဟားခါးမြို့နယ်ထဲမှာပါပဲ” ဟု ဆလိုင်းထက်နီကPeople’s Spring သို့ဇွန် ၄ ရက်တွင်ပြောသည်။
