Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်(ပလဖ)ဖမ်းဆီးစစ်ဆေးစဉ် လက်လွန်သေဆုံးသည့် တော်လှန်ရေးသမားလေးဦးဖြစ်စဉ် NUG ရဲဌာန စုံစမ်းစစ်ဆေးနေ

NUG အစိုးရအနေဖြင့် တော်လှန်ရင်း စိုးမိုးနယ်မြေရရှိရန် အုပ်ချုပ်ရေးနှင့်အတူ တရားစီရင်ရေးပါ ပူးတွဲလုပ်နေသည့်အချိန်တွင် မျှတသောတရားစီရင်မှု အခွင့်အရေးရရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

(စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထားသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထားသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️အဆိုပါဖြစ်စဥ် ဖော်ထုတ်အရေးယူပေးရန် စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်း တောင်းဆို

စစ်ကိုင်းတိုင်း၊ မြင်းမူနှင့် မြောင်မြို့နယ်အခြေစိုက် ZAMANI Revolution Force (MMU/MYAUNG)အဖွဲ့ခေါင်းဆောင် ကိုဇော်မိုးအပါအဝင် ရဲဘော်လေးဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းနှင့်ပတ်သက်၍ ပါဝင်ပတ်သက်နေသူအားလုံးအား ဖော်ထုတ်အရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား စစ်ကိုင်းခရိုင် အမှတ် (၁)တပ်ရင်းက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

အဆိုပါ ဖြစ်စဥ်အပေါ် NUG ၊ ပြည်ထဲ​ရေးလက်​အောက်ရှိ ရဲဌာနက သုံးသပ်စုံစမ်းနေ​ကြောင်း NUG ​ပြော​ရေးဆိုခွင့်ရှိသူက ​ပြောကြားသည်။

ဇွန်လ ၁ရက် နံနက် ၆ နာရီခန့်က မြောင်မြို့နယ်တနေရာတွင် ZAMANI Revolution Force (MMU/MYAUNG)အဖွဲ့ခေါင်းဆောင် ကိုဇော်မိုးနှင့်အတူ ကျေးရွာ(ပကဖ)တာဝန်ခံတစ်ဦး၊ ZAMANI မှ ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦးတို့ကို မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁၀ရက်မြောက်သည့် ဇွန်လ ၁၀ရက်တွင် မြောင် (ပလဖ) အဖွဲ့ခေါင်းဆောင်က ဖမ်းဆီးထားသော ကိုဇော်မိုးပါလေးဦးအား စစ်ဆေးစဥ်လက်လွန်သွားသည် ဟု ပြောကြားလာသည်ကို သိရှိရ​ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကောင်စီ၏ ဖမ်းဆီးမိသည့်စစ်သုံ့ပန်းများကိုပင် ရိုက်နှက်စစ်ဆေးခြင်းကို ခွင့်မပြုထားကြောင်း၊ သေဒဏ်ပေးရမည်ဆိုပါက အထက်အဆင့်ဆင့် စစ်ဆေးမှုများဖြင့်သာ ခွင့်ပြုထားကြောင်း၊ ယခုမြောင်(ပလဖ)အဖွဲ့၏လုပ်ရက်မှာ စစ်ကောင်စီ ၏လုပ်ရပ်နှင့် မခြားသကဲ့သို့ အမျိုုးသားညီညွတ်ရေးအစိုးရ၏ ချမှတ်ထားသော အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ငမ်းစဥ်များ၊ တည်ဆဲဥပဒေများကို မထီမဲ့ပြင် ပြုလုပ်ခြင်းဖြစ်သည့်အပြင် တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးသမားများကိုပါ ပြောင်ပြောင်တင်းတင်းစော်ကားလိုက်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ထို့အပြင် ယခုလုပ်ရပ်သည် အမျိုုးသားညီညွတ်ရေးအစိုးရနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LDF)အကြား ယုံကြည်မှုကို များစွာထိခိုက်ပျက်ပြားစေကြောင်း စစ်ကိုင်းခရိုင် အမှတ်(၁) တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် တာဝန်အရှိဆုံးဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယခုဖြစ်စဥ်အား ပြန်လည်စိစစ်ပြီး မြောင်မြို့နယ်(ပလဖ)အဖွဲ့နှင့် ဤအမှုတွင် ပါဝင်ပတ်သက် နေသူအားလုံးအား ဖော်ထုတ်အရေးယူပေးရမည်ဖြစ်ပြီး အသတ်ခံရသူလေးဦး၏ မိသားစုဝင်များအား တရားဝင်တောင်းပန်ရမည်ဖြစ်ကြောင်း၊ ယခုလူသတ်မှုကျူးလွန်ခဲ့သောမြောင်(ပလဖ)အဖွဲ့၏ တော်လှန်ရေးအပေါ် ကျူးလွန်ခဲ့သောလုပ်ရပ်နှင့် အမျိုးသား​ညီညွတ်ရေးအစိုးရ၏ ပုံရိပ်ကိုထိခိုက်စေသော လုပ်ရပ်မှန်သမျှကို ပြင်းထန်စွာရှုံ့ချလိုက်ကြောင်း စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်းက အသိပေးသည်။

ကြေညာချက်ထုတ်ပြန်ရခြင်းမှာ ကိုဇော်မိုးအား ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီး၍ ထုတ်ပြန်ခြင်းမဟုတ်ကြောင်း၊ မြောင်(ပလဖ)အဖွဲ့ကိုလည်း ပုဂ္ဂိုလ်ရေးအရ နစ်နာစေလို၍ လုပ်ခြင်းမဟုတ်ကြောင်း စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်း တပ်ရင်းမှူး ဗိုလ်ယက္ခက People’s Spring သို့ပြောသည်။

NUG အစိုးရအနေဖြင့် တော်လှန်ရင်း စိုးမိုးနယ်မြေရရှိရန် အုပ်ချုပ်ရေးနှင့်အတူ တရားစီရင်ရေးပါ ပူးတွဲလုပ်နေသည့်အချိန်တွင် မျှတသောတရားစီရင်မှု အခွင့်အရေးရရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၇ရက် ညနေပိုင်းက မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာ (ပအဖ)အဖွဲ့ဝင် ကိုဖိုးထောင်သေဆုံးရာမှ ယခုဖြစ်စဥ်စတင်ခဲ့ကြောင်း၊ ကိုဖိုးထောင်ကို ကိုဇော်မိုးက စစ်ကိုင်းခရိုင်တပ်ရင်း(၁)​၏ သေနတ်ဖြင့်သတ်ခဲ့သည်ဟု မြိုင်(ပလဖ)အဖွဲ့က စွပ်စွဲခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“အဲဒီတုန်းက ကိုဇော်မိုးက မြင်းမူမြို့နယ်၊ ပဒတ်ထိုင်းရွာမှာ ရှိပါတယ်။ ကျွန်တော်ဘာကြောင့်အဲဒါကို ပြောနိုင်တာတုံးဆိုတော့ အဲဒီတုန်းက ကျွန်တော့်ရဲ့စစ်ကိုင်းခရိုင် အမှတ်(၁) တပ်ရင်း တပ်စု (၅)က ဒုတပ်စိပ်မှူးက ဘီလူးစစ်ကြောင်းနဲ့တွေ့ပြီး ကျသွားတယ်။ အဲဒီမှာကိုဇော်မိုးက နာရေးနဲ့အုတ်ဂူပြုလုပ်ပေးနေတဲ့အချိန်ပါ။ အဲဒီအချိန်မှာ ကိုဇော်မိုးက မြင်းမူမြို့နယ်၊ ပဒတ်ထိုင်းရွာမှာရှိနေတယ်ဆိုတာ အတက်ပြောနိုင်ပါတယ်”ဟု ဗိုလ်ယက္ခက ဆိုသည်။

အဆိုပါ အချက်အား မြောင်(ပလဖ)အဖွဲ့ထံ ပြောပြခဲ့သော်လည်း ယင်းအဖွဲ့က ခိုင်လုံသောသက်သေရထားပြီးဖြစ်ကြောင်း၊ မေလအတွင်းတွင် ကိုဇော်မိုးအား မြောင်မြို့နယ်အတွင်း ရောက်ရှိနေကြောင်းသတင်းရ၍ ဖမ်းဆီးမည်ဖြစ်ကြောင်း၊ မည်သည့်စွက်ဖက်မှုမျှမပြုလုပ်ရန် မြောင်(ပလဖ)အဖွဲ့က စစ်ကိုင်းတပ်ရင်း (၁)ထံ ဆက်သွယ်ပြောကြားလာခဲ့ကြောင်း၊ ထို့နောက်ဇွန်လ၁ ရက်တွင် ကိုဇော်မိုးပါ လေးဦးအား ဖမ်းဆီးပြီးနောက် တစ်ဦးဒဏ်ရာရရှိသည်ဟု ထပ်မံဆက်သွယ်ပြောကြားလာခဲ့ကြောင်း ဗိုလ်ယက္ခက ပြောသည်။

ဇွန်လ ၆ ရက်တွင် မြောင်(ပလဖ)အဖွဲ့ထံဆက်သွယ်သောအခါ ကိုဇော်မိုးတို့မှာ ၎င်းတို့ထံတွင် မရှိကြောင်း ပြောကြားလာ၍ မြောင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံစာတင်ပြီး ကိုဇော်မိုး​၏ အမျိုးသမီးအား သွားရောက်တွေ့ဆုံစေခဲ့ကြောင်း၊ သို့သော် ပလအဖွဲ့ထံတွင်မရှိကြောင်းသာ သတင်းရခဲ့ကြောင်း ဗိုလ်ယက္ခက ရှင်းပြသည်။

ဇွန်လ ၁၀ ရက်က မြောင်မြို့နယ်အစည်းအဝေးတွင် ကိုဇော်မိုးပါ လေးဦးအား စစ်ဆေးစဥ်လက်လွန်သွားသည်ဟု တင်ပြလာကြောင်း မြို့နယ်(ပအဖ)အဖွဲ့က ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ကြောင်း ၎င်းက ပြောသည်။

“ကိုဇော်မိုးဟာ တော်လှန်ရေးသမားဖြစ်တယ်။ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ သူ့သားအကြီးကောင်သည် စစ်ကိုင်းခရိုင်တပ်ရင်း (၁)မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက်ဖြစ်တယ်။ သားအငယ်သည် ခရိုင်ရုံးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက်ဖြစ်တယ်။ မိသားစုလိုက် တော်လှန်ရေးလုပ်နေတဲ့သူတွေကို ဥပဒေမဲ့ လုပ်လိုက်တာကို လုံးဝလက်မခံပါဘူး။ ဒီဥစ္စာကိုသာလက်ခံလိုက်ရင် ဒီထက် ဆိုးရွားတဲ့ကျူးလွန်မှုတွေ ဖြစ်လာပါလိမ့်မယ်။”ဟု ဗိုလ်ယက္ခက ပြောသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ သေဆုံးသူ ကိုဇော်မိုး၏ ZAMANI Revolution Force (MMU/MYAUNG)အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယင်းဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဇွန်လဆန်းပိုင်းတွင် NUG ထံ စာဖြင့် တရားဝင်တင်ပြတိုင်ကြားထားကြောင်း၊ ကိုဇော်မိုး၏ ဇနီးဖြစ်သူကလည်း ယနေ့ ဇွန်လ ၁၄ ရက်တွင် မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖထံသို့ တိုင်ကြားထားကြောင်း ဗိုလ်ယက္ခက ပြောသည်။

မြေပြင်မှ ပလဖဖြစ်စဥ်အ​ပေါ် အစီရင်ခံစာ​တောင်းထားပြီး အဆိုပါအစီရင်ခံစာကို NUG ၊ ပြည်ထဲ​ရေးလက်​အောက်ရှိ ရဲဌာနက သုံးသပ်စုံစမ်းနေ​ကြောင်း NUG ​ပြော​ရေးဆိုခွင့်ရှိသူက ​လူထုနွေဦးသို့ ပြောသည်။

“သက်ဆိုင်ရာ ပလဖဆီကနေပြီးတော့ ဖြစ်စဥ်နဲ့ပတ်သက်တဲ့အစီရင်ခံစာတော့ တက်ဖို့တောင်းထားတာ MOHA (ပြည်ထဲ​ရေးနှင့် လူဝင်မှုကြီးကြပ်​ရေးဝန်ကြီးဌာန) ဆီကိုရောက်ပြီလို့ သိထားပါတယ်။ အဲဒီအစီရင်ခံစာနဲ့ ဖြစ်စဥ်တွေကို သုံးသပ်ပြီးတော့ ရဲဌာနကနေဖြစ်စဥ်နဲ့ပတ်သက်ပြီး စုံစမ်းမှုတွေကိုတော့ ဆက်လုပ်နေတုန်းပဲ။”ဟု အမျိုးသားညီညွတ်​ရေးအစိုးရ ၊ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က ​ပြောသည်။

မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးမင်းသူအောင်ကလည်း “လောလောဆယ်တော့ သူတို့တိုင်ကြားစာ ရရှိထားတယ်။ ဇာမဏီအဖွဲ့ရဲ့ ကို​ဇော်မိုးရဲ့ အမျိူးသမီးကနေ တိုင်ကြားထားတဲ့စာ ရရှိထားတယ်။ တိုင်ကြားစာကိုလည်း ကျွန်တော်တို့က ခရိုင်တို့တိုင်းတို့ ပို့ထားပါတယ်။ ခရိုင်တို့ တိုင်းတို့ အပေါ်က NUG လမ်းညွှန်ချက်အတိုင်းပဲ ဆောင်ရွက်ဖိုရှိပါတယ်။”ဟု ပြောသည်။

ထို့အပြင် မတ်လ ၃ ရက်ကလည်း တပ်စိပ်မှူးအပါအဝင် ရဲဘော် ခုနစ်ဦးကိုလည်း ​​မြောင်(ပလဖ)အဖွဲ့နှင့် မြင်းမူခရိုင်တပ်ရင်း(၂)က ခုနစ်ရက်ခန့် ဖမ်းဆီးစစ်ဆေးခဲ့ဖူးကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်ကလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အခြေစိုက် မာန်စွယ်ကျားအဖွဲ့မှ အသက်(၃၀)ကျော်အရွယ် ကိုတူးတူးဆိုသူ ဇီးကုန်းကျွန်းတွင် မိုင်းထုတ်လုပ်ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံလိုက်ရသည်။ ထို့နောက် နှစ်ရက်အကြာ ဧပြီ ၁၃ရက်တွင် ခေါင်းနှင့် လက်ဖြတ်တောက်ခံထားရပြီး ရင်ဘတ်နှင့် လက်မောင်းတွင် ဒဏ်ရာများရှိနေသည့် ကိုတူးတူး၏ ရုပ်အလောင်းကို မြောင်မြို့နယ် သာဒွန်းရွာအနီးတွင် ဒေသခံများက တွေ့ရှိခဲ့သည်။

ထိုဖြစ်စဥ်၌ မြောင်မြို့နယ်ရှိ(ပကဖ)အဖွဲ့ဝင်အချို့က ဖမ်းဆီးသွားသည်ဟုဆို၍ မြောင်(ပကဖ) အဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။