တမူးခရိုင်၊ ခမ်းပက်မြို့တွင် လေးရက်ဆက်တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ခမ်းပက်မြို့နှင့်အနီးဝန်းကျင်ကျေးရွာများကို ယမန်နေ့ ညနေ နှင့် ညပိုင်းတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်၊ဗုံးကြဲခဲ့ကြောင်းဒေသခံအချို့က ပြောသည်။
ရက်ဆက်တိုက်ပွဲများတွင် အထိနာနေသောစစ်ကောင်စီသည် ဇူလိုင် ၂၅ ရက်ညနေပိုင်းတွင် ခမ်းပက်မြို့ကို Mi-35 ရဟတ်ယာဥ်အသုံးပြုတိုက်ခိုက်ခဲ့သလို၊ ညပိုင်းတွင် တိုက်လေယာဥ်ဖြင့် ဗုံးအလုံးရေများစွာကြဲချကြောင်း ဒေသခံအချို့ကပြောသည်။
“ညနေပိုင်းကMi 17 ၊ 35တွေနဲ့ပစ်ပေမယ့်ညပိုင်းမှာဂျက်ဖိုက်တာနဲ့ မြို့တွင်းရော ၊မြို့ပြင်ရော မြို့အနီးကျေးရွာတွေရောကြဲချသွားတယ်လို့သိရပါတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
ခမ်းပက်မြို့တွင် ရပ်ကွက် ၅ ခုရှိရာ ရပ်ကွက်တိုင်းကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ မသိ့ရသေးပေ ။

ဒေသခံအချို့က လေကြောင်းမှတိုက်ခိုက်သော လေယာဥ် ၊ရဟတ်ယာဥ် စုစုပေါင်း ၅ စီးအသုံးပြုခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၅၀ ခန့်အထိရှိကြောင်းပြောသည်။သို့သော် People’s Spring က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေကို သီးခြားအတည်မပြုနိုင်သေးပါ။
ဒေသခံအများစုမှာတိုက်ပွဲများဖြစ်ပွားခဲ့သော ဇူလိုင် ၂၂ ရက်နောက်ပိုင်းထွက်ပြေးတိမ်းရှောင်ကြသော်လည်း မြို့တွင် ငွေကြေးမတက်နိုင်သောဆင်းရဲသူ ၊သက်ကြီးရွယ်အို နှင့် ကျန်းမာရေးမကောင်းသူအချို့ မရွေ့ပြောင်းနိုင်ဘဲ ကျန်ရှိနေသေးကြောင်းဒေသခံအချို့ကပြောသည်။ ခမ်းပက်မြို့အပြင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများပါဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းဒေသခံအချို့ကပြောသည်။
စစ်တပ်လေကြောင်းပျံသန်းမှုများစောင့်ကြည့်မှတ်တမ်းတင်သတိပေးနေသော EAR (Enemy Air Route ချန်နယ်)၏ဖော်ပြချက်အရ စစ်ကောင်စီက မုံရွာနှင့် ကလေးမြို့မှာ Mi-35 ၊ Mi-17 ရဟတ်ယာဥ်များအသုံးပြုတိုက်ခိုက်ခဲ့ပြီး ၊ယမန်နေ့ညတွင် တံတားဦးလေတပ်မှ တိုက်လေယာဥ်များဖြင့် ဗုံးကျဲခဲ့ခြင်းဖြစ်သည်။

ကလေးလေတပ်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်မှာ ဇူလိုင် ၂၅ ညနေ ၅ နာရီ ၁၁ မိနစ်တွင် ခမ်းပက်မြို့သို့ပျံသန်းပြီးလေကြောင်းတိုက်ခိုက်မှုပြုလုပ်၍ ညနေ ၆ နာရီ ၃၂ မိနစ်တွင်ပြန်လည်ဆင်းသက်သည်ကိုတွေ့ရသည်။
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စင်းကလည်း ည ၁၁ နာရီ ၁၆ မိနစ်တွင် မြောက်ဘက်သို့ပျံသန်းပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်၍ ည ၁၂ နာရီ ၂၉ မိနစ်၌ပြန်လည်းဆင်သက်ကြောင်း EAR ၏ အချက်အလက်များအရသိရသည်။
ခမ်းပက်မြို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဇူလိုင် ၂၂ ရက်ညတွင်စတင်တိုက်ခိုက်ပြီး စစ်တပ်က ကလေးမြို့မှ စစ်သားများကို ဇူလိုင် ၂၃ ရက်တွင်လေကြောင်းမှ ခမ်းပက်မြို့ နှင့်အနည်းငယ်သာဝေးသောနေရာသို့ချ၍ ပို့ပေးခဲ့သည်။ ထိုစစ်ကူများကိုပါတော်လှန်ရေးအဖွဲ့များက ဇူလိုင် ၂၃ ရက်တွင် ကြားဖြတ်တိုက်၍ စစ်ကောင်စီတပ်အထိနာခဲ့သည်။ထိုနောက် တိုက်ပွဲ ၄ ရက်မြောက်နေ့တွင် စစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အခြားသတင်းတစ်ရပ်တွင် တိုက်ပွဲများဖြစ်၍ နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံ နယ်စပ်သို့ထွက်ပြေးသောစစ်ဘေးရှောင်များကို အိန္ဒိယနိုင်ငံဘက်မှလက်မခံဘဲ ပြန်ခိုင်းနေကြောင်းဒေသခံအချို့ကပြောသည်။ အိန္ဒိယအခြေစိုက်သတင်းဌာနများက ဇူလိုင် ၂၅ ရက် ဖော်ပြချက်တွင် မြန်မာနိုင်ငံဘက်မှာ အထောက်အထားမဲ့ပြည်သူ ၇၀၀ ကျော်မှာ ဇူလိုင် ၂၂ ၊၂၃ ရက်တွင်ရောက်လာ၍ ဗဟိုအစိုးရက နယ်ခြားစောင့်တပ်ဖြစ်သော အာသန်ရိုင်ဖယ်တပ်ကို အကြောင်းအရင်းစုံစမ်း၍တင်ပြခိုင်းထားသည်ဟု ဖော်ပြထားကြသည်။မဏိပူရ် ပြည်နယ်တွင် လွန်ခဲ့သည်လအနည်းငယ်က ကသည်းနှင့် ကူကီးမျိုးနွယ်စုကြား လူမျိုးရေး ဘာသာရေးပဋိပက္ခများဖြစ်၍ လူပေါင်းရာချီသေဆုံးခဲ့သဖြင့် တည်ငြိမ်နေရန်ကြိုးစားနေစဥ် မြန်မညနိုင်ငံဘက်မှ ဒုက္ခသည်များဝင်ရောက်လာခြင်းအပေါ် အိန္ဒိယကစိုးရိမ်နေကြောင်းသိရသည်။
“စစ်ဘေးရှောင်တွေပိုတိုးလာတော့မယ်”ဟုဒေသခံတစ်ဦးကပြောသည်။
