သြဂုတ်လဆန်းတွင် မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းပြီး မြစ်ရေများမြင့်တက်လာရာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ် အချို့၌ ရေကြီးနစ်မြုပ်နေပြီး လူဦးရေ ထောင်ချီ ရေးဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်းဒေသခံများကပြောသည်။
သံလွင်မြစ်နှင့် သောင်ရင်းမြစ် စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာပြီးနောက် ကရင်ပြည်နယ်တွင် ဘားအံ၊လှိုင်းဘွဲ့၊ကော့ကရိတ်၊ မြဝတီမြို့တွင် ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေသည်။
” ရေက နှစ်တိုင်းတက်နေတာပါ။ ဒါပေမယ့် ကြိုတင်ပြင်ဆင်မှုမရှိတော့ တော်တော်လေးအခက်တွေ့ပ့ါတယ်” ဟု ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်ဒေသခံတစ်ဦးကပြောသည်။
ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် အမှတ် (၅) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက် ၊အမှတ် (၁) ရပ်ကွက်အပါအဝင် ရပ်ကွက် ခြောက်ခု ရေကြီးနစ်မြှပ်နေသည်။ ဘုန်းကြီးကျောင်းအချို့တွင် ကယ်ဆယ်ရေးစခန်းဖွင့်ထားသည်ဟု ဒေသခံလူမှုကူညီရေးအဖွဲ့ကပြောသည်။

Public Service Announcement




သံလွင်မြစ်ဘေးမြို့နယ်ဖြစ်သော လှိုင်းဘွဲ့မြို့တွင်လည်း ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေသည်ဟုသိရသည်။ ကော့ကရိတ်မြို့တွင်လည်း အမှတ် (၅) လှိုင်ကွက်သစ်၊ ရေလယ်ကုန်းကျေးရွာတွင် ရေကြီးနေပြီး ဒေသခံများ ရေဘေးကြုံတွေ့နေကြောင်း ဒေသခံအချို့ကပြောသည်။ အလားတူကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း ရေကြီးနေသည်။
ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သောမြဝတီမြို့တွင်လည်း သောင်းရင်းမြစ်ရေ မြင့်တက်နေသလိုမိုးဆက်တိုက် ရွာသွန်းမှုကြောင့် အမှတ် (၅) ရပ်ကွက်နှင့်အမှတ် (၁) ရပ်ကွက်တို့တွင် ရေဘေးကြုံတွေ့နေပြီးဒေသခံအချို့ကို ဘုန်းကြီးကျောင်းများတွင် ရွှေ့ပြောင်းထားရကြောင်း သိရသည်။ ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်ထားသလို ဘုန်ကြီးကျောင်းအချို့တွင်လည်း ရေဘေးဒုက္ခသည်များကို လက်ခံခိုလှုံ့ခွင့်ပြုထားသည်ဟုဒေသခံအချို့ကပြောသည်။
ယခင် ယာယီခိုလှုံရေး စစ်ဘေးရှောင် ပြည်သူများကို လက်ခံကူညီပေးနေရာမှ ယခုအခါ ရေးဘေးဒုက္ခသည်များပါရောက်လာခြင်းဖြစ်သည်။
မွန်ပြည်နယ်တွင်လည်း ဘီလင်းမြို့မှ မြေနိမ့်ပိုင်းဒေသများတွင် ရေဝင်နေ၍ ဒေသခံများ အခက်အခဲကြုံနေရသည်။ဘီးလင်းမြို့အတွင်း ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လက မိုးကောင်းခဲ့ပြီး မော်လမြိုင်၊ဘီးလင်း၊ချောင်းဆုံမြို့တို့၌ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။ မော်လမြိုင်မြို့တွင် ရေဘေးကြောင့် ကလေးငယ်သုံးဦး သေဆုံးခဲ့သည်။ ပေါင်မြို့နယ်တွင် အမျိုးသားတစ်ဦး တောင်ကျရေ၌ မျောပါပျောက်ဆုံးခဲ့သည်ဟု သိရသည်။




လတ်တလောရေဘေးကြောင့် ဘေးလွတ်ရာ ရွှေပြောင်းနေရသူဦးရေသည် ၅၀၀၀ ထက် မနည်းကြောင်း မွန်နှင့်ကရင်ပြည်နယ်မှ လူမှုကူညီရေးအဖွဲ့အချို့ကပြောသည်။
ဩဂုတ်လ ပထမလပတ်အတွင်းမွန်ပြည်နယ်၊ တနင်္သာရီတိုင်းအပြင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တို့၌မိုးကြီးနိုင်သောကြောင့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုဘေးသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးချက်ထုတ်ပြန်ထားသည်။
