Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သာယာဝတီအကျဥ်းထောင်တွင် ထောင်ဝင်စာ ပါဆယ်ပို့ခြင်းကို ပိတ်ပင်ကန့်သတ်လိုက်သဖြင့် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင် အခက်တွေ့

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အထက်ပါဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိစွာ ကျူးလွန်နေသော စစ်အုပ်စုကို ယခုထက်ပိုမို၍ ဖိအားပေး အရေးယူရန် လိုအပ်ကြောင်း AAPP တာ၀န်ရှိသူက တိုက်တွန်းသည်။

(သာယာဝတီ​ထောင်ကို Google Map မှ​တွေ့ရမှု)
(သာယာဝတီ​ထောင်ကို Google Map မှ​တွေ့ရမှု)

ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်တွင် ထောင်ဝင်စာ ပါဆယ်ပို့ခြင်းကို ပိတ်ပင်ကန့်သတ်လိုက်သဖြင့်နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များ အခက်တွေ့နေကြောင်း မိသားစုဝင်အချို့က ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၄ ရက်မှ စ၍ထောင်ဝင်စာအစားအသောက်ပေးပို့မှုကို လျှော့ချကန့်သတ်လိုက်ပြီး ယခင်က ရပ်ဝေးမှ Royal Express ဖြင့် ပေးပို့ခွင့်ပြုထားမှုကိုလည်း ပိတ်ပင်တားမြစ်လိုက်ကြောင်း သာယာဝတီထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်က ပြောသည်။

“အခုထောင်ပြောင်းလာတဲ့ ထောင်မှူးရဲရင့်နိုင်ကြောင့်တဲ့။ ထောင်ဝင်စာကို မတရားလျှော့ချပြီး စျေးဘားကနေ စားအောင်လုပ်နေတာ။ စားအိုးတွဲထားတဲ့သူတွေ ထောင်ဝင်စာမလာတဲ့သူတွေဆို အကုန် ဒုက္ခရောက်ကုန်ပြီ။ …ဒီလိုပါဆယ်ကန့်သတ်လိုက်တဲ့အတွက် ရပ်ဝေးက ပါဆယ်လာပို့တဲ့ သက်ကြီးရွယ်အိုမိဘတွေက ရင်နာလိုက်တာ သားတို့ရယ်လို့ ငိုနေကြတာ မြင်တွေ့ခဲ့ရတယ်” ဟု နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်က ပြောသည်။

သာယာဝတီအကျဥ်းထောင်သို့ ပုံမှန်ထောင်ဝင်စာပို့လေ့ရှိသူတစ်ဦးကလည်း မြန်ချောပို့ Royal Express ဖြင့် ထောင်ဝင်စာထည့်ခြင်းကို လုံးဝ ပေးမသွင်းတော့ဘဲ Royal Express ကို မေးမြန်းကြည့်ရာ ပိတ်ပင်လိုက်သည်မှာ မှန်ကန်ပြီး မည်သည့်အချိန်မှ ပြန်ဖွင့်မည်ကို မသိရှိကြောင်း ဖြေကြားသည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

“အထဲမှာ မရှိတူ၊ ရှိတူ၊ မျှစားကြတာလေ။ တစ်လတစ်ကြိမ်လာဖို့တောင် အင်မတန်ခဲယဥ်းတဲ့ ခေတ်ကာလ၊ ခေတ်ကြပ်ကြီးထဲမှာ အဲဒီလိုကန့်သတ်လိုက်တာဆိုတော့ အထဲက လူတွေကို အစာရေစာပါ ဖြတ်လိုက်တာလေ။ ဖြတ်လေးဖြတ် တကယ်ဖြတ်လိုက်တဲ့အနေအထားလေ။ ကျွန်မတို့က ထောင်ဝင်စာလည်း မရှိတော့ဘူး။ လူတွေ့ထောင်ဝင်စာလည်း မရှိတော့ဘူး၊ ပါဆယ် ထောင်ဝင်စာလည်း မရှိတော့ဘူး။ ပို့ရတဲ့ စားသောက်ကုန်တွေကို ကန့်သတ်ပစ်လိုက်တယ်။ ကျိန်းသေတယ် အဲဒါဆိုရင် အရာရှိတွေနဲ့ ဆက်သွယ်သောသူတွေပဲ အိမ်ကို ဆက်သွ​ယ်လို့ ရလိမ့်မယ်၊ အခြား အကြပ်၊ စစ်သည်တွေ လုံးဝဆက်သွယ်ခွင့်မရဘူး။ အဲဒီလိုအထိ အခြေအနေက အင်မတန်ဆိုးရွားသွားပါတယ်ဆိုတာ ပြောချင်ပါတယ်” ဟု သာယာဝတီအကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP) တာ၀န်ရှိသူက သာယာဝတီအကျဥ်းထောင်တွင် ပြီးခဲ့သည့် အာဇာနည်နေ့(ဇူလိုင် ၁၉ ရက်)က ဖဲကြိုးနက်လှုပ်ရှားမှုပြုလုပ်မှုအပြီး နိုင်ငံရေး အကျဥ်းသားများကို မတရားညှင်းပန်းနှိပ်စက်၊ အနိုင်ကျင့်၊ တိုက်ပိတ်မှုများ ရှိခဲ့ပြီး လက်ရှိတွင် ထောင်ဝင်စာ အထူးသဖြင့် ပါဆယ်များအားလုံး ပိတ်ပင်လိုက်ကြောင်းနှင့် ယင်းမှာ အလွန် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း ပြောသည်။

ထိုသို့ အကျဥ်းထောင်များအတွင်း နိုင်ငံရေးအကျဥ်းသားများအပေါ် မတရားညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများမှာ သာယာဝတီအကျဥ်းထောင်တစ်ခုတည်းသာမဟုတ်ဘဲ မြန်မာနိုင်ငံတဝန်းရှိ အခြားသော အကျဥ်းထောင်များအတွင်း၌လည်း အလားတူ ချိုးဖောက်မှုများကို စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေကြောင်း AAPP တာ၀န်ရှိသူက ပြောသည်။

“ဒီလိုဖြစ်စဥ်တွေက နေရာအနှံ့မှာဖြစ်နေတာ။ သာယာဝတီတစ်ခုတည်းဖြစ်တာမဟုတ်ဘူး။ ဒိုက်ဦးမှာ နိုင်ငံရေးအကျဥ်းသားတွေကို အပြင်ခေါ်ထုတ် ထောင်ပြောင်းဆိုပြီး လမ်းမှာ သတ်ပစ်တဲ့ကိစ္စတွေ၊ မြင်းခြံထောင်မှာဆိုလည်း ဒီိလိုပဲ။ အပြင်မှာခေါ်ထုတ်ပြီး စစ်ကြောရေးလုပ်တယ်။ စစ်ကြောရေးလုပ်ပြီး စစ်ကြောရေးဒဏ်တွေနဲ့ပဲ အသက်သေဆုံးရတဲ့ ဖြစ်စဥ်တွေ။ နောက် ပုသိမ်ထောင်မှာလည်း ဒီလိုပဲဖြစ်တယ်။ အခုဟာက နိုင်ငံအနှံ့မှာရှိတဲ့ ထောင်အသီးသီးမှာ နိုင်ငံရေးအကျဥ်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မတရားညှင်းပန်းနှိပ်စက်မှုတွေ မတရားသတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အထက်ပါဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိစွာ ကျူးလွန်နေသော စစ်အုပ်စုကို ယခုထက်ပိုမို၍ ဖိအားပေး အရေးယူရန် လိုအပ်ကြောင်း AAPP တာ၀န်ရှိသူက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

▪︎"ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”