စစ်ကိုင်း၊ မုံရွာနှင့် ဝက်လက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်နှင့် စခန်းအား တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးစုများက ပြောသည်။
စက်တင်ဘာ ၂၈ရက်နှင့် ၂၉ရက်က စစ်ကိုင်းမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် နှစ်ခုအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် (၆၀) မမ ဗုံးသီးများချတိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။
အလားတူ စက်တင်ဘာ ၂၇ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာရှိ စစ်ကောင်စီစခန်းအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် (၆၀) မမ၊ (၈၀) မမများချတိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။
“ထိခိုက်မှုအခြေအနေက ၂၇ ရက်မှာ နှစ်ကောင် အပြင်းအထန် ထိတယ်လို့ သိရတယ်။ ၂၈မှာ မနက်တစ်ပွဲ၊ ညတစ်ပွဲ ဆော်တာမှာ သုံးကောင် ရွှေဘို ဆေးရုံရောက်သွားပြီး တစ်ကောင်ကျတယ်လို့ သိရတယ်။ ၂၉ ရက်နေ့အခြေအနေက ဒဏ်ရာရတာက နှစ်ကောင်။ တော်တော်ပြင်းတယ်လို့ သိရတယ်။ တပ်ကူတောင်းနေတယ်လို့လည်း သတင်းရတယ်။”ဟု ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ကလည်း လက်နက်ငယ်များ၊ (၆၀) မမ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။

Public Service Announcement
ယင်းစစ်ဆင်ရေးအား ကြောင်လက်သည်း၊ နယ်စည်းမခြားဗိုလ်ပျံလွှား၊ Dynamite2၊မင်းသားကြီး၊နန်းတက်မင်း၊ တွေ့မရှောင်၊ နယ်စည်းမခြားကိုးတောင်ကျားစသည့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ထို့အပြင် စက်တင်ဘာလ ၂၈ ရက် ည ၉ နာရီ ၁၅မိနစ်ခန့်ကလည်း မုံရွာ – မန္တလေးလမ်းပိုင်းရှိ စွမ်းရည်ထက် ဆီဆိုင်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို (၆၀)မမ၊ (၈၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
လက်နက်ကြီး ၁၂လုံး ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“အထိုင်စခန်းကို လက်နက်ကြီးမှီတဲ့နေရာကနေထုတာ။ ထိခိုက်ပျက်စီးမှု ဘာပစ္စည်းတွေဘယ်လိုပျက်စီးသွားတယ်ဆိုတာက မသိရသေးဘူး။ ၁၂လုံးထဲမှာတော့ တချို့အလုံးတွေ ပတ်ပတ်လည်ကျတာ။ သုံးလုံးကတော့ ထိထိမိမိကျတယ်လို့ သတင်းရတယ်။”ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း သိရသည်။
အဆိုပါစခန်း၌ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး အင်အား ၃၀ခန့်ရှိပြီး ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းခံမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys ) ၊ မုံရွာခရိုင်တပ်ရင်း (၂၇) Black Dragon PDF ၊ဗိုလ်ဒဿပြောက်ကျားတပ်ဖွဲ့ ၊ 5/UG Task Force ၊ Democratic Guerrilla Force (DGF) ၊ Monywa Commando Force ၊ Unity Force နှင့် BKM Force တပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
