Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံအကျယ်အဝန်း ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားကြောင်း NUGဆို

အာဏာသိမ်း စစ်ကောင်စီဖက်ကတော့ NUGရဲ့ အဆိုကို တုံ့ပြန် မှတ်ချက် မပေးသေးပါဘူး။ စစ်တပ်က NUGနဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် နာမည်ဖျက် ကြေညာထားပါတယ်။

(PDF တပ်ဖွဲ့ဝင်များနဲ့ NUG ယာယီ သမ္မတ ဒူဝါလရှီလ။ ဓါတ်ပုံ-NUG)
(PDF တပ်ဖွဲ့ဝင်များနဲ့ NUG ယာယီ သမ္မတ ဒူဝါလရှီလ။ ဓါတ်ပုံ-NUG)

စစ်အာဏာရှင်ကို ဆန့်ကျင် ခုခံနေတဲ့ တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံအကျယ်အဝန်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီလို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ခေါင်းဆောင်ဖြစ်သူ ယာယီသမ္မတကြီးက ပြောပါတယ်။

ရွေးကောက်ခံ လွှတ်တော် အမတ်တွေ စုစည်း ထူထောင်ထားတဲ့ NUGရဲ့ ယာယီ သမ္မတကြီး ဒူဝါလရှီးလာက တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံပိုင်နက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို လွှမ်းမိုးထားလာနိုင်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ အဓိက ခြေကုပ် စခန်းကြီးတွေကိုပါ စတင် ခြိမ်းခြောက်လာနိုင်နေပြီလို့ ပြောကြားသွားပါတယ်။

၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အဓမ္မ အာဏာသိမ်းယူလိုက်ပါတယ်။ အဲဒီနောက်ပိုင်း စစ်တပ်ဟာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကို ရက်ရက်စက်စက် ဖြိုခွင်းဖို့ ကြိုးစားရာက စစ်အာဏာရှင်ကို တော်လှန်တဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေ အားကောင်းလာပါတယ်။ အခုဆိုရင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ နိုင်ငံအနှံ့မှာ NUGရဲ့ လက်နက်ကိုင်တပ်ဖြစ်တဲ့ PDFအပြင် ရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေနဲ့ပါ စစ်ခင်းနေရပါတယ်။

အခုဆိုရင် စစ်ကောင်စီရဲ့ အခိုင်အမာ ခြေကုပ်စခန်းဖြစ်တဲ့ နေပြည်တော်နဲ့ သိပ်မဝေးတဲ့ နေရာတွေ အပါအဝင် နိုင်ငံအနှံ့မှာ ခုခံစစ်ပွဲတွေ အရှိန်အဟုန်နဲ့ ဆင်နွှဲနေပြီလို့ ယာယီ သမ္မတကြီး ဒူဝါ လရှီးလာက ပြောပါတယ်။ ပြည်သူတွေရဲ့ ခုခံစစ်ပွဲကို စတင် ဆင်နွှဲခဲ့တာ ၂ နှစ်လောက် ရှိလာပြီဖြစ်ပြီး PDFနဲ့ EAOတွေရဲ့ ပူးပေါင်း စစ်ဆင်ရေးတွေဟာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်လာစေတယ်လို့ ယာယီ သမ္မတကြီးက အင်တာဗျူး တစ်ခုမှာ မှတ်ချက် ပေးခဲ့ပါတယ်။ အခုဆိုရင် ခုခံစစ်ပွဲတွေရဲ့ အနေအထားဟာ နေပြည်တော်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့ အနေအထားထိ တိုးတက်လာပြီလို့လည်း ယာယီ သမ္မတကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်ထိ အာဏာသိမ်း စစ်ကောင်စီဟာ အဓိက မြို့ပြကြီးတွေကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပေမယ့်လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် သူတို့ရဲ့ အာဏာစက်ကို ခိုင်ခိုင်မာမာ ပိုင်ပိုင်နိုင်နိုင် ဖြန့်ကျက်ထားနိုင်တဲ့ ဧရိယာဟာ မြန်မာနိုင်ငံ အကျယ်အဝန်းရဲ့ ၁၇ ရာခိုင်နှုန်းလောက်သာ ကျန်တော့တယ်လို့လည်း သိရပါတယ်။ စက်တင်ဘာလထဲမှာ နေပြည်တော်က လေတပ်စခန်း တစ်ခုပါ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်က ယာယီ သမ္မတကြီးရဲ့ အဆိုကို ထောက်ခံနေပါတယ်။

အာဏာသိမ်း စစ်ကောင်စီဖက်ကတော့ NUGရဲ့ အဆိုကို တုံ့ပြန် မှတ်ချက် မပေးသေးပါဘူး။ စစ်တပ်က NUGနဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် နာမည်ဖျက် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်တပ်ဟာ ထိန်းချုပ်နယ်မြေတွေ တစထက်တစ ဆုံးရှုံးလာခဲ့သလို အရပ်သား ဧရိယာတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း အရှိန်အဟုန် မြှင့်တင်လာပါတယ်။ စစ်ရေး လေ့လာသူတွေကတော့ အဲဒီလို ဗျူဟာ အပြောင်းအလဲဟာ မြေပြင်က ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေမှာ အခြေမလှတော့တာကို ဖော်ပြနေတယ်လို့ သုံးသပ်ကြပါတယ်။

ယာယီ သမ္မတကြီးက ခုခံစစ်ပွဲ ကာလအတွင်း တိုက်ပွဲပေါင်း ထောင်နဲ့ချီ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ခြေကုပ်စခန်း ၁၀၀ ကျော်လောက် တော်လှန်ရေး အင်အားစုတွေ လက်ထဲကို ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး စစ်တပ်ဖက်ကနေ အလင်းဝင်ပြီး ခိုလှုံလာသူ ၁၄၀၀၀ လောက် ရှိတယ်လို့လည်း ယာယီ သမ္မတကြီးက ပြောပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်တပ်ထဲက စိတ်ဓာတ်ရေးရာ အခြေအနေတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်နေပြီး မင်းအောင်လှိုင်နဲ့ အနီးကပ်ဆုံး ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးဟာ မကြာသေးခင်က ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ယာယီ သမ္မတကြီးက စစ်တပ်ဖက်ကနေ အလင်းဝင်လာသူတွေ ပိုများလာတဲ့ အခြေအနေက အားတက်စရာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး အခုဆိုရင် တပ်ရင်းမှူးအဆင့်လောက် အရာရှိတွေကပါ ဆက်သွယ်ထားကြောင်း၊ ဒါပေမဲ့ လက်တွေ့ အလင်းဝင်လာတဲ့ အဆင့်ထိတော့ မရောက်သေးကြောင်း ပြောကြားသွားခဲ့ပါတယ်။

လောလောဆယ် စစ်တပ်က ဖမ်းဆီးအကျဉ်းချတာ ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး ဝါဒကို အဓိက ဆွဲကိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် တော်လှန်ရေးအပေါ် ထောက်ခံပါ့မလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ယာယီ သမ္မတကြီးက ဒေါ်အောင်ဆန်းစုကြည်မှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိနိုင်ပြီး အဲဒါကို ထည့်စဉ်းစားသင့်ကြောင်း၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတစ်ခွန်းတည်းနဲ့တင် ဦးတည်ချက်တွေ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။