ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်တော်ယန် စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာ ၃၁ရက် နံနက် ၆နာရီမှစ၍ စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ ၂နာရီခွဲကျော်အကြာတွင် စခန်းကို သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။
“ဝိုင်းမော်မြို့နယ် ကန်ဒေါ်ယန် စကစ တပ်အထိုင်စခန်း KIA သိမ်းပိုက်။ဒီမနက် ၆နာရီစ စတိုက် တာ။ ၈နာရီ ၄၀မှာ စခန်းကို အပြီးသိမ်းနိုင်တယ်။စစ်ကောင်စီတပ် သေဆုံးမှုများတယ်။ တပ်ရင်းမှူး အဖမ်းခံရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါတပ်စခန်းတွင် စစ်ကောင်စီ၏ ခလရ(၃၈၇)တပ်က နေရာယူထားခြင်းဖြစ်သည်ဟုဆိုသည်။


အဆိုပါ တပ်စခန်းသည် မြစ်ကြီးနား- ဝိုင်းမော်လမ်း၌ ရှိပြီး နမ်ဆန်အနီးတွင်ရှိသည်ဟု ဆိုသည်။

Public Service Announcement
KIA အနေဖြင့် အောက်တိုဘာ ၁၈ရက်မှစ၍ ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ယနေ့အထိ စစ်ကောင်စီတပ်၏ အရေးပါသည့် အထိုင်စခန်း ၄ခုအပါအဝင် တပ်စခန်း ၆ခုထက်မနည်းကိုသိမ်းပိုက်ထားနိုင်ပြီး ဖြစ်သည်။
စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် မြောက်ပိုင်း ညီနောင်သုံးဖွဲ့ကလည်း ကန်တော်ယန်စခန်းတိုက်ပွဲအခြေအနေကို ယနေ့မနက်တွင် သတင်းထုတ်ပြန်ခဲ့ရာ မြစ်ကြီးနား- ဗန်းမော်ကားလမ်းမပေါ်ရှိ၊ ရန့်သူစခန်းတစ်ခုဖြစ်သော ကန်တောင်ယန် (ဂန်တောင်ယန်) စခန်းအနီးတွင် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း၊ စစ်ကောင်စီတပ်က KIA ဌာနချုပ် လိုင်ဇာနယ်မြေကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း အသိပေးထားသည်။


















































