▪︎နေအိမ်အများစု မီးလောင်ဆုံးရှုံးခဲ့ရဟုဆို
ခရီးသွားဝါသနာရှင်များကြား ရေခဲတောင်ဒေသဟုနာမည်ကြီးသည့် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ ရှိန်းခေါင်ကျေးရွာသည် ယနေ့(နိုဝင်ဘာလ ၇ရက်) နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့ရာ အိမ်ခြေအများစု မီးလောင်ဆုံးရှုံးခဲ့ရသည်။
တရုတ်နိုင်ငံနှင့်ထိစပ်နေသော အဆိုပါကျေးရွာတွင် အိမ်ခြေ ၂၀၀ခန့်ရှိပြီး နေအိမ် ၁၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ပူတာအိုမြို့ခံအချို့က ပြောသည်။
” အိမ်တွေက သစ်အိမ်များတယ်။ ငြှိမ်းစရာလည်း မရှိတာ။ အတော်လေး ထိခိုက်တယ်”ဟု ပူတာအိုမြို့ခံတစ်ဦးက ပြောသည်။


မီးလောင်ရသည့်အကြောင်းအရင်းကို မသိရှိရသေးပေ။ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသောကြောင့် ဒေသအတွက် သိုလှောင်ထားသည့် ရိက္ခာဂိုထောင်များလည်း မီးထဲပါသွား၍ ဒေသခံများအတွက် အကူအညီများလိုအပ်နေကြောင်း ပူတာအိုမြို့ခံများက ပြောသည်။
ရှိန်းခေါင်ရွာသို့ သွားရာလမ်းသည် လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲ၍ တရုတ်နိုင်ငံဘက်မှ အများဆုံး ဝင်ရောက်ရသည့် ဒေသဖြစ်သည်။

Public Service Announcement
