TNLAနှင့် မန္တလေးPDFက သံချပ်ကာယာဉ် တစ်စီးထပ်မံဖျက်ဆီးလိုက်၍ စစ်ကောင်စီဆုံးရှုံးရသည့်တင့်ကား၊ သံချပ်ကာယာဉ် ၈စီးအထိရှိလာ
ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ၁၀၂၇ စစ်ဆင်ရေး ၁၄ ရက်မြောက်နေ့ဖြစ်သော ယနေ့( နိုဝင်ဘာ ၉ရက်)တွင် ထပ်မံသိမ်းပိုက်လိုက်ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။
“ဒီနေ့မနက်တော့ ကိုးကန့်ခရိုင်ရှီးရှမ်းဒေသမှာရှိတဲ့ တပ်စခန်းတစ်ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်။ တခြားထွေထွေထူးထူးတော့မရှိသေးပါဘူး”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ က ၁၀၂၇ စစ်ဆင်ရေး ၁၄ရက်မြောက်နေ့ မနက်ပိုင်း စစ်ရေးအခြေအနေကို ပြောပြသည်။
ထို့အပြင် တအာင်းတပ်မတော်(TNLA)ကလည်း စစ်ဆင်ရေးအခြေအနေကို ယနေ့မနက်တွင် ထုတ်ပြန်ရာ ယမန်နေ့ (နိုဝင်ဘာ ၈ရက်)ည နောင်ချိုမြို့နယ် တိုက်ပွဲ၌ စစ်ကောင်စီ သံချပ်ကာယာဉ်တစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ဟု အသိပေးခဲ့သည်။

Public Service Announcement
နောင်ချိုမြို့နယ် အုမ္မခါးရွာအနီးတွင် နိုဝင်ဘာ ၈ရက် ညပိုင်းတွင် သံချပ်ကာယာဉ် ၃စီးနှင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။
ပူးပေါင်းတပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံချပ်ကာယာဉ်တစ်စီးကိုဖျက်ဆီးနိုင်ခဲ့ပြီး ကျန် ၂စီးနှင့် စစ်ကူများ နောင်ပြန်ဆုတ်ခွာသွားသည်ဟု ဖော်ပြသည်။
ထို့ကြောင့် အဆိုပါ သံချပ်ကာယာဉ် အပါအဝင် ညီနောင်မဟာမိတ် ၃ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ၂ပတ်အတွင်း စစ်ကောင်စီ၏ သံချပ်ကာ ယာဉ်နှင့် တင့်ကား စုစုပေါင်း ၈စီးအထိ တိုက်ခိုက်ဖျက်ဆီး၊သိမ်းပိုက်ရရှိထားသည်ကို ညီနောင်မဟာမိတ်တပ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကိုးကန့်တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ပူးပေါင်းစစ်ဆင်နေသည့် ကိုးကန့်ဒေသ တိုက်ပွဲများအတွင်း သံချပ်ကာနှင့် တင့်ကား ၇စီးကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း MNDAA ဘက်က အတည်ပြုသည်။ ချင်းရွှေဟော်၊ဖောင်းဆိုင်နှင့် မုံးကိုးဒေသ တိုက်ပွဲများ၌ တိုက်ခိုက်ဖျက်ဆီး၊ သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။
အဆိုပါ စစ်သုံးယန္တရားယာဉ်များအပါအဝင် ဟောင်ဝစ်ဇာအမြောက်များ၊ လေယာဉ်ပစ် စက်သေနတ်ကြီးများ နှင့် အခြား လက်နက်ကြီး လက်နက်ငယ်မျိုးစုံအများအပြား၊ ခဲယမ်း၊ ကျည်အများအပြားကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်ရရှိထားသည်။
အောက်တိုဘာ ၂၇ရက်မှ စတင်ခဲ့သည့် စစ်ဆင်ရေး ၂ပတ်တာအတွင်း စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ပြည်သူ့စစ်စခန်း နှင့် တပ်စွဲရာနေရာများ စုစုပေါင်း စခန်း ၁၅၆ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ချင်းရွှေဟော်၊ သိန္နီ၊ ပန်ဆိုင်း၊ ဖောင်းဆိုင်၊ မုံးကို မြို့များကို အလုံးစုံထိန်းချုပ်ထားပြီးဖြစ်သည်ဟု ညီနောင်မဟာမိတ်တပ်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
