၁၀၂၇ စစ်ဆင်ရေးအတွင်း အဆိပ်ငွေ့သုံးဗုံးကြဲမှု နှစ်ကြိမ်ပြုလုပ်၍ ရဲဘော်များ ဝေဒနာများ ခံစားနေရဟု အသိပေး
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် စစ်ကောင်စီ၏ စခန်းသစ် လက်နက်ကြီးကုန်းအား တအာင်းတပ်မတော်(TNLA)က ရယူစိုးမိုးထားစဉ် စစ်ကောင်စီက အဆိပ်ငွေ့ ဗုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ရပ်ကို TNLAက အသိပေးထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီကို အရေးယူပေးရန် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာထံ တောင်းဆိုလိုက်သည်။
စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။
စခန်းသစ် တပ်စခန်းတိုက်ပွဲ နှင့် နိုဝင်ဘာ ၄ရက် လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း တိုက်ပွဲတွင် အဆိပ်ငွေ့ဗုံးကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် TNLA ရဲဘော်အချို့သည် ပုံစံတူအဆိပ်သင့်ပြီး ခန္ဓာကိုယ်တွင် ထိရှဒဏ်ရာ တစ်စုံတစ်ရာမရရှိဘဲ မူးဝေခြင်း၊ အသက်ရှုမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းများကို ပြင်းထန်စွာ ခံစားနေကြရကြောင်း အသိပေးသည်။ အဆိုပါ ရဲဘော်များကို TNLA ကျန်းမာရေးဌာနက ဆေးဝါးကုသမှုပေးနေကြောင်း ဖော်ပြသည်။
စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ထိတွေ့မှု တိုက်ပွဲများတွင် ယခုကဲ့သို့ စစ်ရာဇဝတ်မှုကျူးလွန်ပြီး နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓလက်နက်အား အသုံးပြု၍ တိုက်ခိုက်ခြင်း ၊နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်၍ ရပ်ရွာ ပြည်သူလူထုနှင့် အိုးအိမ်များအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း TNLAက ထုတ်ပြန်သည်။
ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများ အနေဖြင့် မြန်မာပြည်သူလူထုများအား ဝိုင်းဝန်းစောင့်ရှောက်ပေးရန်နှင့် စစ်ရာဇဝတ်မှု ၊နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီအား အရေးယူပေးနိုင်ရန် သတင်းထုတ်ပြန်ကြောင်း TNLA၏ တောင်းဆိုထားသည်။
စစ်ကောင်စီတပ်သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း အထိနာနေ၍ လေကြောင်း ၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ကလေးငယ်များအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ညီနောင်မဟာမိတ်တပ်များက အသိပေးထုတ်ပြန်ထားသည်။