၁၀၂၇ စစ်ဆင်ရေး၌ စစ်ကောင်စီတပ်စခန်း၁၉၀ ကျော်အထိ ညီနောင်မဟာမိတ်များသိမ်းပိုက်ထား
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီနှင့် ပန်းဆေးပြည်သူ့စစ် စခန်းကို နိုဝင်ဘာ ၁၉ရက် နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
နမ့်ခမ်းတွင် ယမန်နေ့ကလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး နမ့်ခမ်း စခန်းသစ်စစ်ကောင်စီတပ်စခန်း၏ လုံခြုံရေးကုန်းကို TNLAက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ သိမ်းပိုက် ရရှိခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းများ အပါအဝင် အောက်တိုဘာ ၂၇ရက်မှစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို TNLAက သိမ်းပိုက်ရရှိထားသည်။
ထို့ပြင် ကိုးကန့်တပ်မတော်(MNDAA)နှင့် ရက္ခိုင်တပ်တော်(AA) အပါအဝင် မဟာမိတ်တပ်များက စစ်ကောင်စီတပ်စခန်း ၁၅၂ခုကို သိမ်းရရှိထားခြင်းကြောင့် စစ်ဆင်ရေးသုံးပတ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၉၀ ကျော်ကို ညီနောင်မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

Public Service Announcement
ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့သည့် နမ့်ခမ်းမြို့ စခန်းသစ်စစ်ကောင်စီတပ်စခန်းနှင့် မူဆယ် ၁၀၅ မိုင်စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။
မူဆယ်မြို့နယ် စစ်ကောင်စီ ၁၀၅မိုင် တပ်စခန်းမှ ယနေ့နံနက်တွင် လက်နက်ကြီး ပစ်ခတ်၍ မန်ဟန်ရွာရှိ နေအိမ်အချို့ထိမှန်ပျက်စီးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။




















































