မကွေးတိုင်း၊ မြိုင်မြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မြိုင်(ပကဖ)တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။
ယမန်နေ့(ဇန်နဝါရီ၂၂ ရက်) နံနက် ၅ နာရီခွဲခန့်က မြိုင်မြို့အထွက် စစ်ဆေးရေးဂိတ်အား မြိုင်(ပကဖ)တပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
၁ နာရီခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဂိတ်ရှိဘန်ကာ တစ်ခုနှင့် စက်ကလေးထိုင်ထားသော တိုက်တစ်လုံးအတွင်းထိ ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။
“အဲနားမှာ ဘန်ကာနှစ်ခုရှိတယ်။ ၃ထပ်တိုက်ပေါ်မှာ စက်လက်သမားတို့ထိုင်တာ။ သူတို့က မြို့ထဲနောက်ဆုတ်သွားတာ။ ဘန်ကာကိုဖျက်ဆီးပစ်ခဲ့တယ်။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement
ထိုအချိန် မြိုင်မြို့ပေါ်ရှိ စစ်အုပ်စုတပ်စွဲရာ အမှတ်(၂) ကျောင်းမှ ဂိတ်နေရာနှင့် အနီးဝန်းကျင်ကျေးရွာများကိုပါ လက်နက်ကြီးဖြင့်အချက်၂၀ခန့်ပစ်ခတ်ခဲ့၍ ပြည်သူ့ရဲဘော်များ ဆုတ်ခွာပေးခဲ့ကြောင်း ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပစ်ခတ်မှုများအတွင်း စစ်သား၄ ဦးသေဆုံးပြီး ပြည်သူ့ရဲဘော် Rကြီးဆိုသူ ကျဆုံးခဲ့ရသည်။
ထို့အပြင် မြိုင်မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲရာ ထွေအုပ်ရုံး၊မြို့နယ်ရဲစခန်း၊လျှပ်စစ်ရုံး၊ကိုးဆောင်ကျောင်းဂိတ်စသည့်နေရာများအား ဒရုန်းဖြင့် ဗုံးသီးအလုံး၂၀၀ခန့် ကြဲချကာ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထိခိုက်သေဆုံးသည့် စစ်ကောင်စီတပ်သားများအား ကားတစ်စီးဖြင့် မြိုင်ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရသည်။
ထို့အပြင် ညနေပိုင်းတွင်လည်း အဆိုပါဂိတ်ကို ဒေသတွင်း PDFများက Drop Bombs များဖြင့် ထပ်မံလာရောက် တိုက်ခိုက်သွားပြီး အင်အားများပြားလွန်း၍ ဂရုစိုက်ကြရန် စစ်အုပ်စုထောက်ခံသူများက တယ်လီဂရန်ချန်နယ်အချို့တွင် ရေးသားထားသည်။
အဆိုပါ စစ်ဆင်ရေးများအားEarthquake people s defence force(pakokku )တပ်ခွဲ(၁)၊(၂)နှင့်မြိုင်(ပ.က.ဖ)တပ်ရင်း၁တပ်ခွဲ၁၊၂၊၃၊၄နှင့်မြိုင်(ပ.က.ဖ)တပ်ရင်း၂တပ်ခွဲ၁၊၂၊၃၊၄၊နှင့်မြွေးဆိုးတပ်ဖွဲ့|M.V.P Revolution.force|Myaing U.A.V Fighter droneတပ်ဖွဲ့နှင့်မြိုင် ပကဖ Doneတပ်ဖွဲ့ ၊MRT အဖွဲ့၊pku north အဖွဲ့GOE အဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ရက်ကလည်း မြိုင်(ပကဖ)တပ်ပေါင်းစုသည် မြိုင်မြို့အထွက်စစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့သေးသည်။


















































