Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း စစ်အုပ်စု မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၉၅,၀၀၀ကျော် ပျက်စီး

၂၀၂၄ အတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ပေါင်း ၁၅,၀၀၀ နီးပါး ရှိသွားပြီဟု ဆိုသည်။

မင်းကွန်းဒေသရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Wetlet informational Network

ဇေအောင်/People’s Spring

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၉၅,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။

၂၀၂၄ ဇွန်လကုန်အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၉၅,၄၀၀ ကျော် ပျက်စီးခဲ့ကြောင်း၊ အဆိုပါ နေအိမ်များအနက် စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၆၇,၅၈၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့်အရေအတွက်၏ ၇၀ ရာခိုင်နှုန်းရှိကြောင်း Data for Myanmar အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း နေအိမ်ပေါင်း ၂၂,၇၂၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar က ဖော်ပြသည်။

၂၀၂၄ အတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ပေါင်း ၁၅,၀၀၀ နီးပါး ရှိသွားပြီဟု ဆိုသည်။

ဇွန်လတစ်လတည်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွင်းက အရပ်သားနေအိမ်ပေါင်း ၁၁၀၉လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar က အသိပေးသည်။

ရခိုင်ပြည်နယ်၌ မီးရှို့ဖျက်ဆီးခံရသည့် အရေအတွက်တိုးလာကြောင်း၊ ၂၀၂၄ ပထမနှစ်ဝက်အတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ရွာပေါင်း ၁၆ ရွာတွင် နေအိမ်ပေါင်း ၃,၁၀၀ ကျော်ပျက်စီးပြီး အကူအညီများလိုအပ်နေကြောင်း Data for Myanmar၏ အချက်အလက်များအရ သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် မီးရှို့ဖျက်ဆီးမှုအခြေအနေကို အသေးစိတ်သိရှိရန် ခက်ခဲနေကြောင်း Data for Myanmarက ဆိုသည်။

လက်နက်ကိုင်ခုခံစစ်အားကောင်းသည့်နယ်မြေ၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့်မြို့ရွာဒေသများ၊ တော်လှန်ရေးအင်အားစုများကိုထောက်ခံသည့် ကျေးရွာများအား မီးရှို့ဖျက်ဆီးသည့်အပြင် လက်နက်ကြီး၊ လေကြောင်းနှင့် စစ်သင်္ဘောများ၏ ပစ်ခတ်မှုကြောင့်လည်း နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmarက သုံးသပ်သ​ည်။

ယခု ဇူလိုင်လအတွင်းလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ယမန်နေ့ (ဇူလိုင်၂၃ရက်)ကပင် ရှေးဟောင်းသမိုင်းဝင်ဒေသတစ်ခုဖြစ်သော စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ အိမ်ခြေပေါင်း ၃၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မင်းကွန်းကို လေးနေရာလောက်ခွဲရှို့တာ။ မြသိန်းတန်ဘုရားနားက ဆိုင်ခန်းတွေကောပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မကွေးတိုင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတ​ပ်သားများက မီးရှို့ဖျက်ဆီးနေသော ရုပ်သံမှတ်တမ်းသက်သေတစ်ခုကို ရေစကြိုမြို့နယ်အခြေစိုက် Southern Yesagyo PDF အဖွဲ့က ရရှိခဲ့သည်။

မေလ ၁၇ ရက်က ရေစကြိုမြို့နယ်တစ်နေရာတွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်စဥ် စစ်သားတစ်ဦးထံမှ သိမ်းဆည်းရမိသည့် ဖုန်းတစ်လုံး၌ ၎င်းတို့စစ်အုပ်စု ရေစကြိုမြို့နယ်၊ ကိုင်းမကြီး ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့် ရုပ်သံမှတ်တမ်းကို တွေ့ရှိခဲ့ကြောင်း Southern Yesagyo PDF အဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

အဆိုပါ ရုပ်သံတွင်ပါဝင်သော စစ်သားများမှာ ပခုက္ကူမြို့ တပ်မ(၁၀၁)လက်အောက်ခံ (၂၅၇)၊ (၂၅၈)တပ်မှ စစ်သားများဖြစ်ပြီး မေလ ၁၃ရက်နေ့က ပြည်သူကျေးရွာတစ်ရွာရှိ နေအိမ်များသို့ စစ်ကြောင်းထိုး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ကိုအောင်မောင်းက ပြောသည်။

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၁က နေအိမ်ပေါင်း ၂,၁၁၁လုံး၊ ၂၀၂၂တွင် ၄၆,၈၅၆ လုံး၊ ၂၀၂၃တွင် ၃၁,၄၈၄ လုံး၊ ၂၀၂၄ ခုနှစ် ဇွန်လအထိ နှစ်ဝက်အတွင်း ၁၄,၉၆၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၍ ပြည်သူလေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

လူနေအိမ်အချို့ပျက်စီးဟု နောင်ချိုဒေသခံပြော