Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကြီးများအပြင် ထောက်လှမ်းရေးဒရုန်း UAV ၆စီး တော်လှန်ရေးတပ်သိမ်းပိုက်ထားမှု စစ်ကောင်စီဘက်က ကြေကွဲနေကြဟု CDM အရာရှိများပြော

ခမရ(၅၈၅) ဒုတပ်ရင်းမှူးအဆင့်ဖြင့် CDM ပြုလုပ်ထားသည့် ဗိုလ်မှူးတင်လင်းအောင်နှင့် CDM ဗိုလ်ကြီးထက်မြတ်တို့ ပြုလုပ်သည့် ပြည်သူ့အားမာန် ငါတို့အသံ အစီအစဉ်တွင် အဆိုပါအရာရှိများက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နောင်ချိုအမှတ် (၆၀၆)ဒုံးတပ်ရင်းသိမ်းပိုက်မှုအတွင်း ရရှိသော စက်သုံးပစ္စည်းများ။ ဓာတ်ပုံ - Tactical Raptor

TNLAနှင့် မန္တလေး PDF သိမ်းရခဲ့သည့် စစ်သုံးအဆင့်ဒရုန်းများဖြစ်ပြီး တစ်စီးလျင်ဒေါ်လာ တစ်သိန်းဝန်းကျင်ရှိဟု Tactical Raptor ဖော်ပြ
တပ်ရင်းမှူးများကိုယ်တိုင် တပ်ပြေးမှုများရှိနေသည့် စစ်ကောင်စီတပ် နည်းတမျိုးမျိုးဖြင့်ကျဆုံးတော့မည်ဟု သုံးသပ်

ဟန်နွေ/People’s Spring

တိုင်းရင်းသားတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် စစ်ကောင်စီထံမှလက်နက်ကြီးများအပြင် ထောက်လှမ်းရေးဒရုန်း UAVများကိုပါ သိမ်းပိုက်ထားနိုင်ခြင်းအပေါ် စစ်ကောင်စီတပ်နှင့် ၎င်းတို့ကို ထောက်ခံသူများ စိုးရိမ်ထိတ်လန့် ကြေကွဲနေကြကြောင်း စစ်တပ်မှ ပြည်သူ့ဘက်သို့ ကူးပြောင်း CDM ပြုလုပ်ထားသည့် အရာရှိ အချို့က ပြောသည်။

ခမရ(၅၈၅) ဒုတပ်ရင်းမှူးအဆင့်ဖြင့် CDM ပြုလုပ်ထားသည့် ဗိုလ်မှူးတင်လင်းအောင်နှင့် CDM ဗိုလ်ကြီးထက်မြတ်တို့ ပြုလုပ်သည့် ပြည်သူ့အားမာန် ငါတို့အသံ အစီအစဉ်တွင် အဆိုပါအရာရှိများက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါစကားဝိုင်းတွင် မင်းအောင်လှိုင်က သမ္မတ ရူးရူးနေသည့် အကြောင်းအရာ၊ ရှေ့တန်း စစ်မြေပြင်၌ သိမ်းဆည်းရရှိသည့် စစ် လက်နက် များနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က မကျေမလည်ဖြစ်နေသည့် ကိစ္စများ၊ စိတ်ဓာတ်ပျက်နေသည့် မင်းအောင်လှိုင် စစ်တပ်အကြောင်း တို့ကို ဆွေးနွေးခဲ့သည်။

စစ်ကောင်စီက ယခင်စာရင်းမသွင်းထားသည့် PDF တပ်ဖွဲ့များက ပိုမိုလက်စွမ်းပြနေပြီး ပစ်သည့်အဆင့်မဟုတ်ဘဲ စခန်းသိမ်းသည်အဆင့်၊ ထိုသို့သိမ်းပိုက်ရာတွင် လက်နက်ငယ်များစွာအပြင် လက်နက်ကြီး ၊ခဲယမ်းဗုံးသီးများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည့် အခြေအနေများက စစ်ကောင်စီဘက်တော်သားများအတွက် မခံချိမခံသာဖြစ်နေသည်ဟု CDM အရာရှိတို့က ဆွေးနွေးသည်။

“အဲဒါတွေအပြင်အခုဆိုရင် UAV တွေပါ ရလာပြီလို့ သိရတာပေါ့။ လက်နက်ကြီးတွေပါသွားတုန်းကလည်း သူတို့အရမ်းလန့်တယ်”ဟု CDM အရာရှိ ဗိုလ်ကြီးထက်မြတ်က ပြောသည်။

စစ်လက်နက်ပစ္စည်းများအကြောင်း ရေးသားအသိပညာမျှဝေနေသည့် Tactical Raptor Facebook စာမျက်နှာတွင်လည်း တအာင်းတပ်မတော် TNLA နှင့် MDY-PDFတို့၏ နောင်ချိုအမှတ် (၆၀၆)ဒုံးတပ်ရင်း သိမ်းပိုက်မှု ဓာတ်ပုံမှတ်တမ်းများအရ စစ်ကောင်စီဘက်က မျက်ရည်ဝဲစရာ များ တွေ့ရကြောင်း၊ ၁၂၂ မမအတွဲလိုက်ဒုံးစနစ်အတွက် ခဲယမ်းအချို့၊ ၁၂၀မမ စိန်ပြောင်းများကို ဓာတ်ပုံမှတ်တမ်းများ၌ တွေ့ရသကဲ့သို့ ရုရှားထုတ် Orlan-10E UAV ထောက်လှမ်းရေးဒရုန်း ၆စင်းကိုလည်း တွေ့ရကြောင်း အသိပေးသည်။

စစ်သုံးအဆင့် ထောက်လှမ်းရေးဒရုန်းများဖြစ်သည့်Orlan-10E UAV တစ်စင်းလျင် အမေရိကန်ဒေါ်လာ တစ်သိန်းဝန်းကျင်ရှိဟုလည်း ဖော်ပြသည်။

” အခု သိမ်းမိတာ ၆စီးဆိုရင် ဒေါ်လာသန်းတစ်ဝက်လောက် တန်ကြေးရှိနေပြီဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ ‌တစ်နေရာတည်း Orlan-10E အများဆုံး အစုလိုက်၊အပြုံလိုက် အသိမ်းခံရတဲ့ ဖြစ်ရပ် လို့တောင် မှတ်တမ်းတင်နိုင်လောက်တယ်။ ဒါတွေကို ပြန်သုံးလို့ရမရကတော့ သေချာမပြောနိုင်သေးပါဘူး”ဟု Tactical Raptor က ရေးသားထားသည်။

သိမ်းရသည့်လက်နက်များတွင် ၁၂၂ အမြောက်ကြီးများ၊ ၁၂၀ မမ လက်နက်ကြီးများ ပါဝင်သကဲ့သို့ မကြာသေးမီက UAV ၆စင်းသိမ်းရခဲ့သည်ဟု သိရကြောင်း CDMအရာရှိတို့က ဆွေးနွေးသည်။

၁၂၀ မမ လက်နက်ကြီးသည် ခြေလျင်အကူပစ်လက်နက်ကြီးတွင် အမြင့်ဆုံးလက်နက်အမျိုးအစားဖြစ်ပြီး အဆိုပါလက်နက်သည် လူအင်အားအရင်းအမြစ်ဖြင့် ရွှေ့ပြောင်းနိုင်သည့် အမျိုးအစားဖြစ်ကြောင်း ဗိုလ်မှူး တင်လင်းအောင်က ပြောသည်။

အဆိုပါလက်နက်များ တော်လှန်ရေးတပ်ဖွဲ့များထံ ပါသွားပါက ရွှေ့ပြောင်းသယ်ယူပြီး စစ်ကောင်စီကို တိုက်ခိုက်ရန် လွယ်ကူကြောင်း၊ ယခုကရင်ပြည်နယ် မြ၀တီဘက်သို့ထိုးစစ်ဆင်နေသည့် အောင်ဇေယျစစ်ဆင်ရေးကို အဆိုပါလက်နက်ကြီးများသုံးပြီး တားဆီးနေခြင်းဖြစ်ကြောင်း ဆွေးနွေးသည်။

” အခု အောင်ဇေယျကို တားဆီးနေတာဆိုလို့ရှိရင် ၁၂၀ တွေ၊ ၈၄တွေ ဒါတွေကအစ ကားပေါ် ကောက်တင် ကောက်တင်ပြီးရွှေ့၊ ရွှေ့ပြီးသွားပစ်၊ ပစ်ပြီးလို့ ပစ်တဲ့နေရာရှိတယ်မထင်နဲ့ မရှိတော့ဘူး။ ကားပေါ်ပြန်တင်ပြီးနောက်တစ်နေရာ ရွှေ့သွားပြီ။ ဒီကောင်တွေက သူတို့လက်နက်နဲ့ သူတို့ အဓိက သူ့အရိုးနဲ့ သူ့ပြန်အထိုးခံရတာကို သူတို့ ကြေကွဲတာပေါ့”ဟု CDM ဗိုလ်မှူးတင်လင်းအောင်က ဆွေးနွေးသည်။

ကော်ဘရာစစ်ကြောင်း တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအချို့တွင် စစ်ကောင်စီတပ်သားများက လက်နက်များကို ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်ဟု ပြောသည်။ သို့ရာတွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်ထံမှ သိမ်းမရသည့်တိုင် ကိုယ်တိုင်ထုတ်လုပ်နေသည့် လက်နက်များစွာရှိနေသည်ဟု ပြောသည်။

ဒရုန်းဆိုပါကလည်း စစ်ကောင်စီဘက်က အဆင့်မြှင့်ပါက တော်လှန်ရေးတပ်ဖွဲ့ကလည်း ယင်း ထက်ကျော်လွန်အောင် အဆင့်မြှင့်နိုင်ရေး တစိုက်မတ်မတ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း CDM အရာရှိက ဆွေးနွေးသည်။

ငွေကြေးအင်အားနည်းပါး၍သာ တော်လှန်ရေး အချိန်ကြာနေခြင်းဖြစ်ပြီး စစ်ကောင်စီကဲ့သို့ ပြည်သူ့ဘဏ္ဍာလိုသလိုသုံးပြီး တော်လှန်ရေးလုပ်ရပါက ခဏအတွင်း တော်လှန်ရေးအောင်မြင်မည်ဟု ပြောသည်။

အောက်ခြေက အသေအဆုံးများနေသည့်တိုင် သေချာတိုက်ပွဲမဝင်ဘဲ မင်းအောင်လှိုင်ကသမ္မတရူး ရူးနေသည်ဟု စစ်ကောင်စီ ဝါဒဖြန့်သူအချို့၏ ရေးသားချက်ကိုလည်း CDM အရာရှိတို့က ဆွေးနွေးသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် နည်းလမ်းတမျိုးမျိုးဖြင့် ကျဆုံးမည်ဖြစ်ကြောင်းလည်း သုံးသပ်သည်။ တော်လှန်ရေးတွင် ပါဝင်နေသူ အားလုံးက ပေးဆပ်ထား၍ အလွယ်တကူ စားပွဲပေါ်၌ပြီးဆုံးမည်မဟုတ်ဘဲ စစ်ကောင်စီဘက်က
ဒူးထောက်မှရမည်ဖြစ်ကြောင်း၊ ပြည်သူ့သဘောဆန္ဒအားလုံးကို လိုက်လျောမှသာ ရမည်ဖြစ်ကြောင်းလည်း ဆွေးနွေးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးများကိုယ်တိုင် တပ်ပြေးမှုများ ရှိနေသည်ဟု ပြောသည်။ မကြာသေးမီကာလအတွင်း ကရင်ပြည်နယ် စစ်ဆင်ရေးနယ်မြေတွင် ခမရ ၅၅၈ တပ်ရင်းမှူး ၊ မနက်စာစားမည်ဆိုပြီးထွက်သွားသည့်ခမရ( ၅၅၉)တပ်ရင်းမှူးများ ရှိနေသည်ဟုပြောပြီး အခြားနေရာဒေသများ၌လည်း တပ်ကိုထားခဲ့ပြီး တပ်ကိုစွန့်ခွာသွားကြ တပ်ရင်းမှူးများ ရှိနိုင်ကြောင်း ဆွေးနွေးသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြေပြင်မှာ တကယ်ရင်ဆိုင်ပြီး တိုက်နေတာက ရှေ့ဆုံးက ကွပ်ကဲနေတာသည် တပ်ရင်းမှူး။ အဲဒီလူတွေကအစ စိတ်ဓာတ်ပျက်ပြားနေပြီဆိုလို့ရှိရင် မင်းတို့ စစ်တပ်ကြီးက ရှေ့လျှောက်ပြီးဘယ်ကိုသွားမလဲဆိုခုဏကိုယ်ပြောသလို နည်းလမ်းတစ်ခုခုနဲ့ ကျရှုံးလိမ့်မယ်ဆိုတဲ့အလားအလာတော့ မြင်နေပြီ”ဟု ဗိုလ်မှူးတင်လင်းအောင်က ဆွေးနွေးသည်။

(နောင်ချိုအမှတ် (၆၀၆)ဒုံးတပ်ရင်းသိမ်းပိုက်မှုအတွင်း ရရှိသော စက်သုံးပစ္စည်းများ။ ဓာတ်ပုံ – Tactical Raptor)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်စွဲထားသည့်ဒီပဲယင်းမြို့ပေါ်မှ နေရာငါး​နေရာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့​​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၍ ပြည်သူလေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။