စစ်သားအများစု ဆုတ်ခွာသွားသာ်လည်း အင်အား ၂၀၀ခန့်မှာ ကင်းပုန်းဝပ်ကျန်ခဲ့နိုင်ကြောင်း စစ်ရေးရင်းမြစ် သုံးသပ်
ဆုတ်ခွာသွားသော စစ်သားအများစု ဖာပွန်ဘက် သွားနိုင်ဟု စစ်ရေးရင်းမြစ်ပြော
မြဝတီမြို့သို့ လေးရက်ခရီးဖြင့်လာမည်ဆိုသော နိုင်ငံတော်အဆင့်”အောင်ဇေယျစစ်ဆင်ရေး” ဟုအမည်ပေးထားသည့် စစ်ကြောင်းမှာ ၃လခွဲကြာသည်အထိ မြဝတီမြို့မရောက်ဘဲ ဒေါနတောင်မှ တပ်ပြန်ဆုတ်သွားပြီဖြစ်သည်။
မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆိုသော နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး”ဟုအမည်ပေး၍ အင်အားရာ၊ထောင်ချီ အသုံးပြုခဲ့သော စစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်မှ ချီတက်လာခဲ့ခြင်းဖြစ်သည်။ ၄ရက်ဖြင့် မြဝတီမြို့အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း လာမည့်သြဂုတ် ၉ရက်တွင် လေးလပင်ပြည့်တော့မည်ဖြစ်ပြီး ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေရာမှ ယမန်နေ့(ဇူလိုင် ၂၆ရက်)တွင် တပ်ပြန်ဆုတ်သွားပြီဖြစ်သည်။

Public Service Announcement
ဇူလိုင် ၂၆ရက် နံနက်တွင် အောင်ဇေယျစစ်ကြောင်းမှ ကားအစီးရေ ၁၀စီးဖြင့် တစ်စီးလျှင် အင်အား ၂၀ခန့်ဖြင့် ကျုံးဒိုးမြို့ဘက်သို့ ဆုတ်ခွာသွားသည်ဟု ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ လူထုနွေဦး၏ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပြောသည်။
ထို့အပြင် နေ့လယ် ၁၂နာရီခန့်တွင် ကားအစီးရေ ၁၈စီးဖြင့် တစ်စီးလျှင် အင်အား ၂၀ခန့်ပါ အင်အားသည် ဖားအံမြို့ဘက်သို့ ဆုတ်ခွာသွားကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ဆုတ်ခွာသွားသော အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများမှာ တပ်မဟာ(၅) နယ်မြေရှိ ဖာပွန်မြို့သို့ ချီတက်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။ ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းမှ ကားအစီးရေ ၂၈စီး အင်အား ၅၀၀ကျော် တပ်ပြန်ဆုတ်သွားခြင်းဖြစ်ပြီး လက်ရှိတွင် အင်အား ၂၀၀ နီးပါး ကင်းပုန်းအဖြစ်ထားရှိကြောင်းလည်း ၎င်းက သုံးသပ်သည်။
” လက်နက်ကြီးနဲ့ ပစ်တာလောက်ပဲ။ နောက်ကျန် ၂၀၀ ကင်းပုန်းဝပ်လောက်ပဲ ကျန်မယ်ထင်တယ်။ ကော့ကရိတ်က ထုတ်နုတ်အင်အား ဖားအံပို့မယ် ထင်တယ်”ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူထံဆက်သွယ်မေးမြန်းရာ အတည်ပြုဆဲဟု ဇူလိုင်၂၆ရက် ညနေက ဖြေကြားသည်။ အောင်ဇေယျစစ်ကြောင်းမှာ စစ်ကြောင်းထိုးလာခြင်းမရှိတော့ဘဲ လက်နက်ကြီးဖြင့်သာ ပစ်ခတ်မှုပြုလုပ်နေသည်ဟု ၎င်းက ပြောသည်။ ထို့အပြင် ဇူလိုင် ၂၄ရက်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုရှိပြီး ဇူလိုင် ၂၅ရက်နှင့် ၂၆ရက်တွင် ပစ်ခတ်မှုမရှိတော့ဟု ၎င်းက ဆက်ပြောသည်။
” ကျနော်တို့နယ်မြေလည်း မရှင်းရသေးဘူး။ အကြောင်းထူးရင်ပြန်ပြောပါမယ်”ဟု ၎င်းက ပြောသည်။
တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးလေဆိပ်မှတဆင့် မော်လမြိုင်မြို့မှ ချီတက်လာခြင်းဟု အဆိုပါ တပ်မ(၅၅)၏ လက်အောက်ခံ ခမရ(၁၁၂ )တပ်ရင်းမှ အလင်းဝင်လာသူ တပ်သား ကိုတင်မိုးအောင်က လူထုနွေဦးသို့ ပြောသည်။ အောင်ဇေယျစစ်ကြောင်းမှ တပ်သား ကိုတင်မိုးအောင်နှင့် သူငယ်ချင်းဖြစ်သူ တပ်သား ကိုနိုင်အေးတို့သည် ၂၀၂၄ မေလ ၁၅ရက်က ကော်ဘရာစစ်ကြောင်းထံ သေနတ်လေးလက်ဖြင့် အလင်းလာသူများဖြစ်သည်။
မောင်လမြိုင်မြို့မှ စတင်ထွက်ခွာလာပြီး ကရင်ပြည်နယ်သို့ ရောက်ရှိချိန်မှာပင် တော်လှန်ရေးတပ်အသီးသီး၏ တားဆီးတိုက်ခိုက်မှုကြုံခဲ့ရပြီး ဒေါနတောင်ခြေအရောက်တွင်တော့ တပ်မ(၅၅)၏ ဖွဲ့စည်းပုံပျက်သွားသည်အထိ တိုက်ခိုက်ခံရမှုကြုံတွေ့ခဲ့ရသည်ဟု ကိုတင်မိုးအောင်နှင့်အတူ အလင်းဝင်လာသူ ကိုနိုင်အေးက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNLA)ဦးဆောင်ပြီး PDF စစ်ကြောင်းများ၏ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဧပြီ ၂၁ရက်တိုက်ပွဲမှာပင် အောင်ဇေယျစစ်ကြောင်း၏ သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီးအပါအဝင် စက်လက်တစ်လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆီးရမိပြီး ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်းလည်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ထားသည်။ ထိုမတိုင်ခင်ကလည်း အဆိုပါစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် ချေမှုန်းရာ အရာရှိများအပါအဝင်အင်အား ၁၀၀ကျော်သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း KNU က ဧပြီလတွင် အသိပေးထားသည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်း ခလရ(၉၄)၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်း အပါအဝင် အရာရှိများ စစ်သားများရာနှင့်ချီ သေဆုံးဒဏ်ရာရသည်အထိ အောင်ဇေယျစစ်ကြောင်း အထိနာခဲ့သည်။ အောင်ဇေယျစစ်ကြောင်းမှာ စတင်စစ်ကြောင်းထိုးပြီး ၃လခွဲအတွင်း အင်အား ၅၀၀ကျော်အထိ ထိခိုက်သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ခန့်မှန်းထားသည်ဟုလည်း ကရင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ ထိုသို့ ထိခိုက်မှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့များထံ ထွက်ပြေးအလင်းဝင်လာသူများလည်း ရှိခဲ့သည်။
ကရင်ပြည်နယ်ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့များက ၂၀၂၄ မတ်လနှင့် ဧပြီတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ ထို့နောက် တပ်မ(၅၅)အောက်ရှိတပ်ရင်း များစွာပါဝင်သော အောင်ဇေယျစစ်ကြောင်းကို စစ်ကူအဖြစ် မော်လမြို့င်မြို့မှ မြဝတီမြို့ လေးရက်ဖြင့် အရောက်သွားရမည်ဆိုကာ ဧပြီ ၉ရက်က စတင်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
(အာရှလမ်းပိုင်း၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ၊ သိမ်းပိုက်ရရှိသော သံချပ်ကာယာဥ်နှင့် အောင်ဇေယျစစ်ကြောင်းမှ စစ်သားများ။ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း၊ ပေးပို့)
