Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့တွင် တိုက်ပွဲများဆက်ဖြစ်

ပြည်သူများ၏ နေအိမ်များအား စစ်ကောင်စီက နေ့စဉ်မီးရှို့ဖျက်ဆီးနေဟု KNDF ထုတ်ပြန်

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသော လွိုင်ကော်မြို့ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF

ရဲခေါင်People’s Spring

လွိုင်ကော်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ပြည်သူများ၏ နေအိမ်များအား စစ်ကောင်စီက နေ့စဉ်မီးရှို့ဖျက်ဆီးနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်သည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ဇွန်လ နောက်ဆုံးပတ်ကစ၍ စစ်ကောင်စီတပ်များမှာ မိုင်းလုံးရပ်ကွက်အတွင်းသို့ အင်အားဖြည့်၍ စစ်ရေးလှုပ်ရှားမှုများစတင်ခဲ့ပြီးနောက် ဇူလိုင် ၁ရက်မှစ၍ ယနေ့ (ဇူလိုင် ၂၇ရက်)အထိ မိုင်းလုံး၊ ရွာတန်းရှည် ရပ်ကွက်များအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ နေ့စဉ်နီးပါးလုပ်ဆောင်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသော လွိုင်ကော်မြို့ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – KNDF

လွိုင်ကော်မြို့ ၊ မိုင်းလုံးရပ်ကွက်အတွင်း စစ်ကြောင်းဖြန့်၍ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်ဖွဲ့များမှာ ရပ်ကွက်အတွင်းရှိ နေအိမ်အဆောက်အဦးများအား ဖျက်ဆီးဝင်ရောက်၍ ပစ္စည်းများယူဆောင်ခဲ့သည့်အပြင် မီးရှို့ဖျက်ဆီးခြင်းများကြောင့် မိုင်းလုံး ၊ ရွာတန်းရှည် ရပ်ကွက်များရှိ နေအိမ် ၆၀ကျော် မီးလောင်ပျက်ဆီးခဲ့ကြောင်း အသိပေးသည်။

၁၁.၁၁ တစ်လေးလုံး စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ ယနေ့အထိ လွိုင်ကော်မြို့အနှံ့တွင် တော်လှန်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများမှာ ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေဆဲဟု KNDFက ဖော်ပြသည်။

မိုင်းလုံးရပ်ကွက်အတွင်းသို့ အင်အားဖြည့်ကာ စစ်ကြောင်းများဖြန့်ထိုး၍ စစ်ရေးလှုပ်ရှားလာသောကြောင့် KNDF တပ်ရင်းများနှင့်အတူ KA ၊ MK CDFတို့ပူးပေါင်း၍ စစ်ကောင်စီတပ်ဖွဲ့များအား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ၊ လွိုင်ကော်နည်းပညာတက္ကသိုလ်နှင့် မြကလပ်တောင်တို့တွင် ဇူလိုင် ၄ရက်မှစ၍ ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယနေ့ထိ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည်။

“မိုင်းလုံး က စကစ တပ်ရင်းတွေနဲ့ နီးတဲ့နေရာ ဆိုတော့ ဝင်လုံးတာပေါ့။ဒါပေမယ့် စကစ ဘက်က ထိခိုက်သေဆုံးတဲ့သူ များတော့ လွိုင်ကော် စစ်ဆေးရုံနဲ့တောင်မဆံ့ဘူးလို့သိရတယ်။အဲဒါကြောင့်လည်း လူထုနေအိမ်တွေကို အကြောင်းမဲ့ မီးရှို့နေတာ”ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်​က ပြောသည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသော လွိုင်ကော်မြို့ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – KNDF

ထို့အပြင် လွိုင်ကော်တိုက်ပွဲ၌ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားနှင့် လက်နက်ချသည့် စစ်ကောင်စီတပ်သားအချို့ရှိသည်ဟု ၎င်းက ဆိုသည်။

သို့သော် ထိုအချက်အလက်များနှင့်ပတ်သက်ပြီး လူထုနွေဦးက KNDFထံ ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

တိုက်ပွဲများအတွင်းသာမက တိုက်ပွဲငြိမ်သက်ချိန်များတွင်ပါ စစ်ကောင်စီတပ်ဖွဲ့များမှာ ၎င်းတို့ရောက်ရှိသည့် နေရာများအနီးရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ နေ့စဉ်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ထိုသို့ဖျက်ဆီးမှုလုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့များအား တော်လှန်ရေးတပ်များမှ တန်ပြန်တိုက်ခိုက်နေပြီး အထူးသဖြင့် မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ ရပ်ကွက်များတွင် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျှက်ရှိသည်။

ထို့အပြင် စစ်ကောင်စီက လွိုင်ကော်မြို့၌ တည်ငြိမ်နေသယောင် ဝါဒဖြန့်ကာ ၎င်းတို့၏ယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး မြို့နေလူထုများအားနေရပ်ပြန်ကြရန် စည်းရုံးလှုံ့ဆော်ကာ လူထုအားအသုံးချ အကာအကွယ်ယူရန်ကြိုးစားနေသည်ကို အထူးသတိပြုရန်လည်း KNDFက တိုက်တွန်းထားသည်။

လက်ရှိ စစ်ရေးအခြေနေများနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် တိုက်ပွဲအခြေနေများကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်းများ မပြုလုပ်ကြရန် ၊သက်ဆိုင်သည့် တာဝန်ရှိသူများထံမှ မှန်ကန်သည့် သတင်းအချက်အလက်များရယူကြရန် နှင့် လုံခြုံရေးကို ဦးစားပေးရန် သတိပေးသည်။

ထို့အပြင် ပြည်သူများမှလည်း စစ်ဆင်ရေးများ အလျင်အမြန် ရည်မှန်းချက် ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည့်အကူအညီများအား ကူညီထောက်ပံ့ပေးရန်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၍ ပြည်သူလေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

လူနေအိမ်အချို့ပျက်စီးဟု နောင်ချိုဒေသခံပြော