သုည/People’s Spring
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ယနေ့ (ဇူလိုင် ၂၈)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ ဥက္ကဋ္ဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဋ္ဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement
မြင်းမူမြို့နယ်မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ မြင်းမူလူငယ်တွေ လက်တွဲကာ နွေဦးရုပ်ရှင်ပြပွဲနဲ့ စစ်ဘေးအန္တရာယ်ကာကွယ်ရေးအတွက် ဆောင်ရန် ၊ ရှောင်ရန်၊ ပြင်ဆင်ဆောင်ရွက်ရန်နဲ့ ဘူးသပိတ်တိုက်ပွဲ နည်းနာတွေကို အသိပညာပေး လှုံ့ဆော်တိုက်တွန်းခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်၊ နောက်ပြန်လှည့်မကြည့်ကြေးဒီတော်လှန်ရေးသပိတ်တို့က စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။




မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်း တော်လှန်ရေးနယ်မြေမှာလည်း ရေနံချောင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျေးရွာ အတွင်းရှိ လူငယ်ထုနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။
ယင်းလူငယ်ထုနဲ့တွေ့ဆုံပွဲမှာ တော်လှန်လူထုထဲမှ လူငယ်များရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရေးဆိုင်ရာအသိပညာတွေ ၊ တော်လှန်ရေးရုပ်ရှင်ပြသခြင်းတွေ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲတွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ မုံရွာလူထုသပိတ်
