Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ၉ဦးသေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

ထားမြတ်/People’s Spring

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

KNU သထုံခရိုင်(ဒူးသထူခရိုင်)အတွင်း အာဏာ သိမ်း စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ပြည်သူလူထုများ နေထိုင် ရာကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့၍ ဇူလိုင် ၂၂ရက်နှင့် ၂၃ရက်တွင် အရပ်သားသေဆုံးမှုများထပ်မံဖြစ်ခဲ့ရဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၂ရက်က စစ်ကောင်စီ အမှတ် (၃၁၀) အမြောက်တပ်ရင်းစခန်းမှ သိမ်ဇရပ်မြို့ရှိ ရပ်ကွက်များထဲသို့ လက်နက်ကြီး (၁၀)လုံး ပစ်ခတ် ခဲ့ရာ သိပ်ဇရပ်ရွာလေး ရပ်ကွက် (၇)လမ်းတွင်နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် ကိုယ်ဝန် လေးလလွယ်ထားရသည့် အမျိုးသမီးတစ်ဦးသေဆုံးကာ နောက်ထပ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUကထုတ်ပြန်သည်။

သံဇရပ်ရှိ စစ်ကောင်စီ ရဲစခန်းအား တော်လှန်ရေးအင်အားစုမှ ပြောက်ကျားတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အပေါ် စစ်ကောင်စီက ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပြန်လည်ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံကို ကိုးကားဖော်ပြသည်။

ဇူလိုင် ၂၃ရက်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးရွာအနီး၌ စစ်ကြောင်းထိုး လာသော အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွှုလည်း ကျိုက်ထို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ရွှေတွင်းလုပ်သား ၇ဦး သေဆုံးခဲ့ရဟု ဆိုသည်။

ကျိုက်ထိုမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အမှတ်-(၆၀၂) ဒုံးတပ်ရင်းမှ ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းရွာထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး(ဟောင်ဝစ်ဇာ) လေးလုံး ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ (၇)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သေဆုံးထိခိုက်သူများမှာ ရွှေတွင်းအလုပ်သမားများဖြစ်ကြပြီး ကျောက်တန်းလေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားသောကြောင့် မြို့သို့ တိမ်းရှောင်ရန် ထွက်လာစဥ် ပျဥ်းကတိုးကုန်းရွာအရောက် လက်နက်ကြီး ထိမှန် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီတပ် (အမှတ်-၆၀၂)ဒုံးတပ်ရင်းမှာ ယခင်က (အမှတ်-၆၀၂) အမြောက်တပ်ရင်းတစ်ခု ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှ ၎င်းဒုံးတပ်ရင်းအား အစားထိုးပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၁) နယ်မြေ သထုံခရိုင်အပါအဝင် KNU အုပ်ချုပ်နယ်မြေများရှိ အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ ယခုနှစ်ဝက်အတွင်း ဒေသခံ ပြည်သူ ၁၃၀ ဦးကျော်သေဆုံးကာ ၄၃၀ကျော် ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။