Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ လုပ်ရပ်များကအကြပ်အတည်းကို ပိုမို ရှည်ကြာစေလျက်သာရှိဟု ကန်နိုင်ငံခြားရေးထုတ်ပြန်

အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင် သက်ဆိုင်သူများ အားလုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန် စစ်​ကောင်စီကို အ​မေရီကန်တိုက်တွန်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူး မေလာ။ ဓါတ်ပုံ- File Photo

သော်မွန်/People’s Spring

သန်းပေါင်းများစွာသော ပြည်သူများ ဆင်းရဲတွင်း နက်သထက် နက်လာခြင်းများဖြင့် စစ်တပ်၏ လုပ်ရပ်များက အကြပ်အတည်းကို ပိုမို ရှည်ကြာစေလျက်သာရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယမန်နေ့(ဇူလိုင် ၃၁ရက်)တွင် အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေ ၆လ သက်တမ်းတိုးခဲ့မှုသည် စစ်တပ်အုပ်ချုပ်မှုကို ပြင်းထန်စွာ ဆက်လက်ဆန့်ကျင်အတိုက်အခံပြုခြင်းအပါအဝင် မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူး မေလာက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရမည်ဟု တိုက်တွန်းပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော၊ အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင် သက်ဆိုင်သူများ အားလုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန်လည်း အမေရိကန်က တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန် ၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့် ပြုရန် လည်း​​တောင်းဆိုထားသည်။

ထောင်ပေါင်းများစွာသော ပြည်သူများသည် အိမ်နီးချင်းနိုင်ငံများတွင် အကာအကွယ်တောင်းခံရမှုများနှင့်အတူ ပြည်သူ ၃သန်းကျော် စစ်ဘေးရှောင်နေကြရခြင်း နှင့် သန်းပေါင်းများစွာသော ပြည်သူများ ဆင်းရဲတွင်း နက်သထက် နက်လာခြင်းများဖြင့် စစ်တပ်၏ လုပ်ရပ်များက အကြပ်အတည်းကို ပိုမို ရှည်ကြာစေလျက်သာ ရှိသည်ဟု​ဖော်ပြထားသည်။

ထို့အပြင် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာစေရန် မြန်မာပြည်သူများ၏ ပြင်းပြသည့်ဆန္ဒများကိုအမေရိကန်ပြည်ထောင်စု၊ ၎င်း၏ မိတ်ဖက်များနှင့် မဟာမိတ်များက ဆက်လက် အားပေးထောက်ခံသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုထားသည်။

မင်းအောင်လှိုင်ခေါင်းဆောင်သည့် အာဏာသိမ်းစစ်ကောင်စီသည် ၇ ကြိမ်မြောက်အဖြစ်(၁၂လ တစ်ကြိမ်၊ ၆ လ ခြောက်ကြိမ်) အရေးပေါ်ကာလသက်တမ်းတိုးခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ စစ်တပ်ခန့်ယာယီသမ္မတ ဦးမြင့်ဆွေမှာ ကျန်းမာရေးမကောင်းဟုဆိုကာ စစ်ခေါင်းဆောင်က ယာယီသမ္မတတာဝန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး နေရာ ၂ခုယူခဲ့သည်။ အဆိုပါရာထူးနေရာ ၂ ခုဖြင့် မင်းအောင်လှိုင်က အရေးပေါ်ကာလ ၆လသက်တမ်းတိုးရန် တောင်းဆိုခဲ့ပြီး ၎င်းဦးဆောင်သည့် ကာလုံအဖွဲ့ဝင်များက သဘောတူခဲ့သည်ဟု ယမန်နေ့(ဇူလိုင် ၃၁ရက်)တွင် ကြေညာသည်။

အာဏာသိမ်းစစ်တပ်သည် ၂၀၀၈ အခြေခံဥပဒေ ဇာတ်ညွှန်းအရ သက်တမ်းတိုးရန် လုပ်ရခြင်းဖြစ်ပြီး မည်သည့်အပြောင်းအလဲမျှ ရှိလာရန် အကြောင်းမမြင်ကြောင်း နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။ မင်းအောင်လှိုင်ဦးဆောင်သည့်စစ်ကောင်စီသည် ၂၀၀၈ အခြေခံဥပဒေနှင့်အညီ လုပ်ဆောင်နေသည်ဟုဆိုသော်လည်း အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်အထိ လုပ်ဆောင်နေမှုအားလုံးသည် ယင်းဥပဒေကို လိုသလို အဓိပ္ပာယ်ဖွင့်ဆိုကာ စစ်ခေါင်းဆောင်စိတ်ကြိုက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက မှတ်ချက်ပြုကြသည်။

“အာဏာကို လိုချင်လို့ သိမ်းထားတဲ့ လက်နက်ကိုင်ခေါင်းဆောင်ဆီကနေ ခေါင်းဆောင်အပြောင်းအလဲကို မျှော်လင့်လို့ မရနိုင်ဘူး။ သူလည်း မပြောင်းဘူး။ သူ့ကြောင့်ဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးပြဿနာတွေလည်း မပြောင်းနိုင်ဘူး။ သူ့နေရာ သူ့အာဏာကို သူကာကွယ်ဖို့ လက်လွန်ခြေလွန်တွေ လုပ်ရာကနေ အဲ့ဒီ ပြဿနာတွေ ပိုကြီးလာဖို့ပဲရှိတယ်လို့ မြင်တယ်” ဟု နိုင်ငံရေးစောင့်ကြည့်သူက ပြောသည်။

ရွေးကောက်ပွဲကို မရ, ရသည့်နည်းဖြင့် လုပ်ဆောင်ရန်သာ မင်းအောင်လှိုင်အတွက် အရေးကြီးနေ၍ အကန့်အသတ်ဖြင့် ရွေးကောက်ပွဲလုပ်မည့် အခင်းအကျင်းအတွက် မြို့ကြီးများ၌ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ တင်းကြပ်စွာလုပ်ဆောင်လာနိုင်ကြောင်း အထက်ပါနိုင်ငံရေးစောင့်ကြည့်သူက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

Facebook