Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတဝန်းမြို့ပေါင်း ၃၅၀ကျော်အနက် စစ်ကောင်စီအပြည့်အ၀ ထိန်းချုပ်နိုင်သည့် မြို့ ၁၀၀ပင်မပြည့်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

“ကျနော်တို့ အပြည့်အ၀သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေရှိတယ်။ စစ်ကောင်စီ တပ်တွေမလှုပ်နိုင်အောင် မြို့ပြင်ထွက်မလာနိုင်အောင် ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မြို့တွေရှိတယ်။ တော်လှန်စစ်အနှံ့အပြား ပေါ်ပေါက်နေတဲ့မြို့တွေရှိမယ်။ ပြီးရင် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့တွေရှိမယ်”

မိုးကုတ်မြို့ တော်လှန်ရေးအဖွဲ့သိမ်းပိုက်ပြီးနောက် မြို့ခံများပျော်ရွှင်နေစဉ်။ ဓာတ်ပုံ - Mai A Hein

ဟန်နွေ/People’s Spring

လက်ရှိ စစ်ရေးအောင်မြင်မှုများအရ တော်လှန်ရေးအင်အားစုများ အပြည့်အ၀ ထိန်းချုပ်ထားနိုင်သည့် မြို့အရေအတွက် တိုးလာနေပြီး စစ်ကောင်စီ အပြည့်အ၀ ထိန်းချုပ်နိုင် သည့် မြို့မှာ ၁၀၀ပင်မပြည့်တော့ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ပြည်သူများသို့ အောင်စကား အစီအစဉ်ကို ယနေ့ ဩဂုတ် ၁၀ရက်က ထုတ်လွှင့်ခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဥက္ကဋ္ဌ ခူဦးရယ်၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုစစ်ဦးစီးချုပ်မာဝီ နှင့် ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

လက်ရှိ စစ်ရေးအခြေအနေများအရ စစ်ကောင်စီ ၏ နောက်ဆုံးနေ့များ မျက်စီရှေ့သို့ ရောက်လာနေပြီဟု ပြောကြားလိုကြောင်း၊ စစ်ကောင်စီတပ်၏ အားအကောင်းဆုံးအကြီးဆုံး ရမခ တိုင်းစစ်ဌာနချုပ် ကျသွားခြင်းသည် နောက်ထပ် မည်သည့် တိုင်းစစ်ဌာနချုပ်မျိုးကမှ လက်ရှိ တော်လှန်ရေး အားကို ခံနိုင်မည်မဟုတ်တော့မည့် အနေအထားဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး) ကစဥ့်ကူးမြို့ နှင့် မတ္တရာ မြို့နယ် ရှိစစ်​ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​​အောင်ပွဲခံ​နေစဥ်။ဓါတ်ပုံ-MDY-PDF

ပြည်သူကို အနိုင်ကျင့်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ သည် ပြည်သူများ၏ ဒဏ်ခတ်မှုကို မရှုမလှခံနေရသည့် အချိန်ဖြစ်ကြောင်း၊ သို့သော် စစ်ခေါင်းဆောင်အချို့က အသိတရားမဝင်သေး၊ အမြင်မှန်မရသေးဘဲ မိုက်လုံးကြီးနေဆဲဖြစ်သည်ဟု ဦးရည်မွန်က ပြောသည်။

ဝန်ကြီး ဦးရည်မွန်အနေဖြင့် ၂၀၂၃-၂၄အတွင်း မြေပြင် ခရီးများ ဆက်တိုက်သွားခဲ့ရာ မြန်မာနိုင်ငံ အထက်ပိုင်း၌ အရှေ့ဘက် တရုတ်နယ်စပ်မှ အနောက်ဘက် အိန္ဒိယ နယ်စပ်အကြား ဥဒဟိုသွားလာခဲ့ကြောင်း၊ ထိုခရီးစဉ်များသည် တော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးရဲဘော်များက မြေပြင်ကို စိုးမိုးထားနိုင်မှုအား သိသာထင်ရှားစေကြောင်း ၎င်းက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ လေ့လာချက်က နယ်မြေ အုပ်စု ၄ခုခွဲခြားထားကြောင်း၊ အုပ်စုတစ်ခုမှာ တော်လှန်ရေးအဖွဲ့များမှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့ ၇၅မြို့၊ ဒုတိယ အုပ်စုမှာ စစ်ကောင်စီတပ်များ မြို့ထဲမှ မြို့ပြင်ထွက်မလာနိုင်စေရန် တော်လှန်ရေးအင်အားစုများက ဝိုင်းပတ် ပိတ်လှောင်ထားသည့်မြို့ ၁၀၅မြို့၊ တတိယ အုပ်စုမှာ ပြည်သူ့တော်လှန်စစ်ဖြစ်ပွားနေသည့်မြို့ ၇၄မြို့နှင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့ ၉၈မြို့တို့ ဖြစ်ကြောင်း ရှင်းပြသည်။

” အားလုံးပေါင်းမယ်ဆိုရင် မြို့ပေါင်း ၃၅၂မြို့အနက် အုပ်စုလေးစုခွဲပြီးတော့ ကြည့်တဲ့အခါမှာ ကျနော်တို့ အပြည့်အ၀ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေရှိတယ်။ စစ်ကောင်စီ တပ်တွေမလှုပ်နိုင်အောင် မြို့ပြင်ထွက်မလာနိုင်အောင် ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မြို့တွေရှိတယ်။ တော်လှန်စစ်အနှံ့အပြား ပေါ်ပေါက်နေတဲ့မြို့တွေရှိမယ်။ ပြီးရင် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့တွေရှိမယ်။စစ်ကောင်စီထိန်းချုပ်ထားတဲမြို့ဟာ အခုဆိုရင် ၁၀၀ မပြည့်တော့ဘူး”ဟု ဦးရည်မွန်က ပြောသည်။

ယင်းမှာ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေး၊ စစ်ရေးဟန်ချက်ညီမှုများ၏ အသီးအပွင့်ဟု ပြော၍ ရကြောင်း ဝန်ကြီးက ဆိုသည်။

“ဒီဟန်ချက်ညီမှုကြောင့် ရလာတဲ့ ပေါ်ထွက်လာတဲ့ ရလဒ်ပါ။ ဒါလည်း အင်မတန်ရှင်းတယ်။ ကျနော်တို့ တော်လှန်ရေးအောင်ပွဲအထိ ရယူဖို့ဆိုရင်လည်း နိုင်ငံရေးနဲ့ စစ်ရေးဟန်ချက်ညီမှုကို ဆက်ပြီး တော့ ထိန်းကြဖို့ပဲ။ အခုဆိုရင် တော်လှန်ရေး အောင်ပွဲရဲ့ မုဒ်ဦးကိုတောင်လှမ်းမြင်နေရပြီလို့ ပြောနိုင်တဲ့ အနေအထားပါ”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

လက်ရှိအချိန်တွင် တော်လှန်ရေးအင်အားစုများအာကား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု ပိုအရေးကြီးလာသည်ဟု ပြောသည်။

“အထူးသဖြင့်ကျနော်တို့ အချင်းချင်းကြားက နိုင်ငံရေး ရပ်တည်ချက်နဲ့ နိုင်ငံရေး လမ်းစဉ် ဒါကလည်း ပိုပြီးတော့ ခိုင်မာဖို့ အားကောင်းဖို့လိုလိမ့်မယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ သံဓိဌာန် ပေါ့။ ဒါဟာ ဒီကနေ့ထပ်ပြီးတော့ အခိုင်အမာ သံဓိဌာန်ပြုရမယ့် ကတိကဝတ်ပြုရမယ့်အချိန်လို့တောင် နားလည်ပါတယ်။ ဒီလို နိုင်ငံရေးရော စစ်ရေးရော ဟန်ချက်ညီညီ တစည်းတလုံး ရှေ့ဆက်နိုင်မယ်ဆိုရင် တော်လှန်ရး အောင်ပွဲရဲ့ မုဒ်ဦးကျနော်တို့ ရောက်သွားမှာ ဒါအင်မတန်သေချာတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

တော်လှန်ရေး အောင်ပွဲမုဒ်ဦးအားမြင်ရပြီဟု ပြောဆိုချက်အပေါ် ပိုပိုသာသာ ပြောနေသည်ဟု မြင်နိုင်ကြောင်း၊ အကြောင်းမဲ့ ပြောဆိုခြင်းမဟုတ်ကြောင်း ဝန်ကြီးဦးရည်မွန်က လက်ရှိ စစ်ရေး အခြေအနေအရပ်ရပ်ကို သုံးသပ်ရှင်းပြသည်။

” စစ်ရေးအရ တိုးတက်အောင်မြင်နေတယ်။ နိုင်ငံရဲ့ အရှေ့အနောက်၊ တောင်မြောက် စစ်မျက်နှာစုံဖွင့်ပြီး ဟန်ချက်ညီညီ တိုက်ပွဲဝင်နေတယ်။ အရေးကြီးတဲ့ အောင်မြင်မှုတွေလက်ဆုပ် လက်ကိုင် ရရှိနေတယ်။ဒါကအရေးကြီးတဲ့တစ်ချက်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဒုတိယတစ်ချက်က စစ်ကောင်စီရဲ့ ဘဏ္ဍာရေး စီးပွားရေးအကြပ်အတည်းဖြစ်ကြောင်း၊ တတိယ အချက် မှာ စစ်အုပ်စုအတွင်းမှ ပဋိပက္ခဖြစ်ကြောင်း ၎င်းက ဆိုသည်။

” စစ်ကောင်စီရဲ့ အတွင်းစည်းထဲမှာ တချို့က အာဏာကို ပြည်သူ့လက် ပြန်အပ်ပြီး ငါတို့ ဘားတိုက် ပြန်မှ ဖြစ်မယ်လို့ သဘောပေါက်လာတဲ့ သူတွေလည်း ရှိသင့်သလောက်ရှိနေတယ် ။ သို့သော် တချို့ကတော့ အာဏာငမ်းဖမ်းပြီးတော့ အာဏာလက်မလွှတ်စတမ်းပေါ့ ဆက်ပြီးတော့ မိုက်မဲချင်တဲ့ သူ တစ်စုလည်းရှိတယ်။ ဒီအားပြိုင်မှုက စစ်ကောင်စီရဲ့ အတွင်းစည်းထဲမှာ တဖြည်းပိုပြီးတော့ ထင်ရှားလာတယ်ဆိုတာကိုလည်း တွေ့ရတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

အမျိုးသားညီညွတ်ရးအစိုးရနှင့် တော်လှန်ရေးတပ်များအနေဖြင့် အသိတရားရှိသည့် စစ်တပ်အလုပ် စစ်တပ်တာဝန်ကို ကောင်းစွာ နားလည်သည့် စစ်ကောင်စီတပ်ထဲက တပ်မှူး တပ်သားများကို အမြဲကြိုဆိုနေမည်ဟု ပြောသည်။

” အသိတရားရှိတဲ့သူတွေအမြင်မှန်ရတဲ့သူတွေကတော့ ဒီနိုင်ငံရဲ့ အပြောင်းအလဲမှာ သူတို့ ဂုဏ်သိက္ခာရှိရှိ ပါဝင်ခွင့်ရမှာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကနေ့ တော်လှန်ရေးလှိုင်းကတော့ အရှိန်အဟုန် နဲ့ ရှေ့ဆက်နေပြီ”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

PDFများအနေဖြင့် အင်အားတည်ဆောက်မှုအရာ၌ ကွက်ပြည့်ခင်းထားနိုင်ပြီး မဟာဗျူဟာ ထိုးစစ်ဆင်နွှဲသည် အနေအထားရောက်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လတ်တလောစစ်ဆင်ရေးတွေထဲမှာဆိုရင် ထင်ရှားတာက ရှမ်းမန်းစစ်ဆင်ရေးရှိမယ်။ရှမ်းမန်းစစ်ဆင်ရေးဆိုရင် ထုအင်အားတစ်ဆောက်ပြီးတော့ မဟာဗျူဟာ ထိုးစစ်ဆင်မယ်ဆိုတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ကျနော်တို့ ဒီလို ပြောလို့ရတယ်”ဟု ဝန်ကြီးက အသိပေးသည်။

ဦးမင်းကိုနိုင်ကလည်း ပါဝင်ဆွေးနွေးခဲ့ရာ လက်ရှိ စစ်ရေးအောင်မြင်မှုများသည် သမိုင်းတလျောက်မရခဲ့ဖူးသည့်စစ်ရေးအောင်မြင်မှုများကို ရရှိနေပြီဖြစ်ကြောင်း ပြောသည်။

“ဒီတိုင်းစစ်ဌာနချုပ်ရဲ့အရှေ့မှာ တော်လှန်ရေးသမားတွေက အလံထူပြီးတော့ အောင်ပွဲခံတယ်ဆိုတာ ဒါ သမိုင်းဝင်ဓာတ်ပုံ။ အရင်တုန်းက ကင်းတဲလေးထဲမှာ ကင်းစောင့်နေတဲ့ စစ်သားတွေကို ကျနော်တို့ တိုက်နိုင်တယ်ဆိုရင်ကို ပြည်သူလူထုက လက်ခုပ်လက်ဝါးတီးပြီး လက်ရုံးဆန့်တန်းခဲ့ကြတာ။ အဲဒီလို လက်နက်လေးအတို၊ အရှည်နှစ်လက်သုံးလက်လောက်ရတယ်ဆိုရင်ပဲ ပျော်မဆုံးကြဘူး။ အခု တိုင်းစစ်ဌာနချုပ် အဆင့်ထိ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ပြီ။ တပ်စခန်းတွေဆိုတာ မရေတွက်နိုင်တော့ဘူး”ဟု ဦးမင်းကိုနိုင်က ပြောသည်။

လက်ရှိတွင် ဗျူဟာအရအရေးကြီးသည့် လမ်းပိုင်းအများစုကို တော်လှန်ရးတပ်များက လှုပ်ရှား၊ သိမ်းပိုက်၊ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဦးင်းကိုနိုင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များ မီးရှိုဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။

သတင်း

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။

သတင်း

လားရှိုးနှင့် ကျောက်မဲကို ဗုံးကြဲ လေယာဉ်ပတ်နေ

Facebook