Connect with us

Hi, what are you looking for?

သတင်း

နောင်ချို တောင်ခမ်းရွာအမြောက်တပ်ရင်းကို TNLA ဆက်လက်ထိုးစစ်ဆင်

TNLA သိမ်းထားသည့် မိုးကုတ်မြို့တွင် ပြစ်မှု ကျူးလွန်သူ ၁၂၉ဦးကို ဖမ်းဆီးအရေးယူထားဟုဆို

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ(၉၀၂)ကို ယနေ့ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၄၉ရက်မြောက်နေ့ ဩဂုတ် ၁၂ရက် စစ်ရေးအခြေအနေကို အသိပေးခြင်းဖြစ်သည်။

ယမန်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေသည့် နောင်ချိုမြို့နယ်တွင် ယနေ့တွင်လည်း တောင်ခမ်းနှင့် နောင်လက်ကျေးရွာတို့၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တောင်ခမ်းရွာ၌ အမြောက်တပ် (၉၀၂)တပ်၊ နောင်လိတ်ရွာရှိ တပ်မ(၉၉)လက်အောက်ခံ ခမရ(၃၀၂)တပ်၊ အရှေ့မြောက်ပိုင်းတိုင်စစ်ဌာနချုပ်လက်အောက်ခံ ရမခ(၃၂၅)နှင့် လပခ လက်အောက်ခံ ခမရ(၃၀၆)တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ခဲ့ဟု ဖော်ပြသည်။

တိုက်ပွဲထိခိုက်ကျဆုံး အခြေအနေများ ဖော်ပြမထားပေ။ စစ်ရေးသတင်းရင်းမြစ်အဆိုအရ တောင်ခမ်းတိုက်ပွဲ စစ်ကောင်စီအတပ် အထိနာလျက်ရှိသည်ဟု ဆိုသည်။

“တောင်းခမ်းက မနေ့က လေကြောင်းနဲ့ကို စကစက ချနေရတာ။ အခုက တောင်းခမ်းတပ်ရင်းကို TNLAက သွားပြီးတိုက်ခိုက်နေတာ။ စကစ အတော်လေး အထိနာတယ်ကြားတယ်။ တောင်းခမ်းလည်း ကျတော့မယ် ထင်တယ်”ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ​၏ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်ကလည်း တောင်းခမ်း အနီရောင်အဆင့်ဖြစ်နေပြီး ရန်သူက ဘန်ကာအချို့ကို စီးမိထားကြောင်း ရဲဘော်များ ဆုတ်သင့်ရင်ဆုတ်ခွာသင့်ကြောင်း ရေးသားဖော်ပြနေသည်။

တောင်းခမ်းရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင်တည်ရှိပြီး နောင်ချိုမြို့မှ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများက အဆိုပါရွာ တပ်စခန်း၌ အထိုင်ချထားသည်။ ထို့အပြင် ရှမ်းတောင်မှ အင်အားဖြည့်တင်းသော စစ်ကောင်င်္စတပ်သားများအပြင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သော စစ်ကောင်စီတပ်သားများလည်း တောင်းခမ်း၌ ရောက်ရှိနေသည်။ ထိုမှတဆင့် နောင်ချိုနှင့် ကျောက်မဲမြို့များအား ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်သည်။

TNLA အနေဖြင့် ၎င်းတို့ သိမ်းပိုက်ထားသည့် မိုးကုတ်မြို့နယ်အတွင်း ပြစ်မှု ကျူးလွန်သူများအားအရေးယူနေမှု အခြေအနေကိုလည်း အသိပေး ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အဖြစ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ စစ်ဆင်ရေးပြုလုပ်နေစဥ် မိုးကုတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်း/ဝယ်သုံးစွဲသူ (၇၁)ဦးအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား ဖမ်းဆီးအရေးယူခဲ့သည်ဟု ဖော်ပြသည်။

ထိုပြစ်မှုကျုးလွန်သူ (၁၂၉)ဦးတွင် တရားမဝင်ကျောက်တူးဖော်သူများ၊ စစ်ဆင်ရေးပြုလုပ်နေစဥ် မဟာမိတ်ပူးပေါင်းတပ်များ၏ သွားလာလှုပ်ရှားမှုအခြေအနေများကို စစ်ကောင်စီထံ သတင်းပေးနေသူများ၊ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များအား ဖောက်ထွင်းခိုးယူနေသူများ၊ လူသတ်မှုကျုးလွန်သူများ၊ တရားမဝင် ချဲရောင်းဝယ်သူများနှင့် ရပ်ရွာအတွင်း မူးယစ်ရမ်းကားသူများလည်းပါဝင်ကြောင်း အသိပေးသည်။

PSLF/TNLA သည် မူးယစ်ဆေးဝါး ကင်းစင်နယ်မြေဖြစ်စေရေးနှင့်ပြည်သူလူထုများ အေးချမ်းစွာနေထိုင်စေရေး၊ မြို့နယ်အေးချမ်းသာယာစေရေးအတွက် ခိုးဆိုးလုယက်မရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်း ဦးစားပေးလုပ်ငန်းစဥ်တစ်ရပ်အနေဖြင့် လုပ်ဆောင်နေသည်ဟုလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော ရှမ်းမြောက်ရှိ နောင်ချိုမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။

သတင်း

တောင်းခမ်း အမတ(၃၅၄)တွင် တိုက်ပွဲဖြစ်ဟု TNLAအသိပေး

သတင်း

လေကြောင်းရန် လက်တွေ့ကာကွယ်ပေးနိုင်ရန် ညှိနှိုင်းစရာများ အမြန်ဆုံးအကောင်အထည်ဖော်နေဟု TNLA အသိပေး

သတင်း

အမတ (၃၅၄)တပ်နှင့် မစခ(၉၀၂)တပ်နေရာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ လေထီးဖြင့်ဖြည့်တင်းဟုဆို

Facebook