Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ကျိုက်ထိုတွင်သတင်း​ထောက်နှစ်ဦးကို သတ်ဖြတ်

စစ်အာဏာသိမ်းပြီး​နောက်ပိုင်းသတင်း​ထောက် ၂၀၀ ​ကျော်ဖမ်းဆီးခံရ ၊ ၆၂ ဦးမှာဖမ်းဆီးချုပ်​နှောင်ခံ​နေရဆဲ

သြဂုတ် ၂၁ ရက်တွင် စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှု ခံခဲ့ရ​​သောသတင်း​ထောက် ကိုထက်မြတ်သူ (ဝဲ) နှင့် ကိုဝင်းထွဋ်ဦး (ယာ)တို့ကို​တွေ့ရစဥ်

အီယိုရီ/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သတင်း​ထောက်နှစ်ဦး ထပ်မံသတ်ဖြတ်ခံရပြီး စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် သတင်း​ထောင် ၇ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

သြဂုတ် ၂၁ ရက်က ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အလွတ်တန်းသတင်း ထောက် ကိုထက်မြက်သူ ၏ နေအိမ်ကို စီးနင်းပစ်ခတ်ရာ သတင်းသမား နှစ်ဦးနှင့် ကျိုက်ထိုတော်လှန်ရေအင်အားစု(KRF)တပ်ဖွဲ့ဝင် ၂ ဦးတို့ သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းမှုမရှိဘဲ စီးနင်းဝင်ရောက်ပစ်ခတ်ခြင်းမှာ အကြမ်းဖက်မှုဖြစ်ပြီး DVB သတင်းဌာနမှ CJ သတင်းထောက် ကိုဝင်းထွဋ်ဦး နှင့် အလွတ်တန်းသတင်းထောက်ကိုထက်မြက်သူတို့မှာ ပစ်ခတ်မှုအတွင်း ချက်ချင်းသေဆုံးခြင်းမရှိဘဲ သေနတ်ဒဏ်ရာများဖြင့် ဖမ်းဆီးချုပ်နှောင်ပြီးမှ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဖြစ်စဥ်အသေးစိတ် သိရှိသူများအား ကိုးကားကာ DVB CJ Network တာဝန်ခံ မခင်ရူပါက ပြောသည်။

“သတင်းရေးတဲ့အခါမှာ သူ့(ကိုဝင်းထွဋ်ဦး)မှာ principle ရှိတယ်။ သတင်းထောက်တစ်ယောက်ရဲ့ethic နဲ့ ပတ်သက်ရင် သူတော်တော်လေးကို သတိထားပြီး ရေးတဲ့အထဲမှာ ရှိတယ်။ လူငယ်ဖြစ်ပြီး talent ရှိတယ်။ အဲဒီအတွက်ကြောင့် ကျွန်မတို့က တော်တော်နှမြောမိတယ်။ ဘက်မလိုက်တဲ့သတင်းသမားအဖြစ် ကြိုးစားနေတယ်ဆိုတာ ကျွန်မတို့ နေ့စဥ် ထိတွေ့ ဆက်ဆံပြောဆိုနေရ၊ သတင်းတွေ ရေးသားနေတဲ့ အပေါ်ကနေ သိတယ်။ သူ ဒီလို အကြမ်းဖက်ခံရပြီး သေဆုံးသွားတဲ့အပေါ်မှာ တော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်” ဟု လက်ထောက်အယ်ဒီတာလည်း ဖြစ်သူ မခင်ရူပါက မှတ်ချက်ပြုသည်။

အသက် ၂၆ နှစ်အရွယ်ကိုဝင်းထွဋ်ဦး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့၍ဟုတိုကာ ပုဒ်မ ၅၀၅ ဖြင့်ဖမ်းဝရမ်းအထုတ်ခံထားရသူဖြစ်ပြီး ၊ အသက် ၂၈ နှစ်အရွယ် ကိုထက်မြက်သူ မှာလည်း ၂၀၂၁ ခုနှစ် မတ်လအတွင်းက ဆန္ဒပြပွဲ၌ သတင်းရယူစဥ်စစ်ကောင်စီက ခြေထောက်ကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်း ခံခဲ့ရသည်။ထို​နောက်ပြန်လွတ်လာပြီး​နောက် The Voice of Thanbyuzayat ​အေဂျင်စီ အပါအဝင် သတင်းဌာနအချို့ ၌ သတင်း​ထောက်လုပ်ကိုင်​နေခြင်းဖြစ်သည်။

ကိုဝင်းထွဋ်ဦးမှာ Nation Voice တွင်လည်းသတင်းများ​ရေးသားခဲ့​ကြောင်းသိရသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန် နှင့် မီဒီယာများက ၎င်းတို့​လေးဦးစလုံးမှာ KRFမှ PDFများဖြစ်၍ စစ်​ကောင်စီတပ်က စီးနင်းတိုက်ခိုက်ခဲ့​ကြောင်းဝါဒဖြန့်ထားသည်ကို​တွေ့ရသည်။

ကိုထက်မြတ်သူ နှင့် ကိုဝင်းထွဋ်ဦးတို့ နှစ်ဦး၏ ရုပ်အ​လောင်းများကို မိသားစုဝင်များထံ စစ်တပ်ကပြန်မ​ပေးဘဲမီးရှို့ခဲ့သည်။ ကိုဝင်းထွဋ်ဦးမှာ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး စစ်တပ်ကအ​လောင်းကိုမီးရှို့လိုက်​သော​ကြောင့် မိသားစုမှာ ဘာသာ​ရေးအရ ​ဆောင်ရွက်ရသည်များကို​ဆောင်ရွက်မရ​​​ကြောင်းလည်းသိရသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက သတင်းဌာန ၁၅ ခုထက်မနည်းကို ပိတ်သိမ်းခဲ့ကာ သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ လက်ရှိအချိန်အထိ သတင်းသမား ၅၉ ဦးနှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်သူ ၃ ဦး စုစုပေါင်း ၆၂ ဦးမှာ စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရဆဲဖြစ်ကြောင်း နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)၏ စာရင်းအရ သိရသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း သတင်းလုပ်ငန်းသည် ပိုမိုအန္တရာယ်များလာခဲ့ပြီး စစ်ကောင်စီက ၎င်းတို့တတ်နိုင်သည့် အာဏာနှင့် သေနတ်များကို သုံးကာ သတင်းစီးဆင်းမှုကို ဖြတ်တောက်ရန် ကြိုးစားနေကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။ အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်မှုများနှင့်ပတ်သက်၍ စစ်ရာဇဝတ်မှုအနေဖြင့် မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို ကြိုးစားလုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ဘက်က လုပ်နိုင်သမျှ အထူးသဖြင့် ဒီလို စစ်ရာဇဝတ်မှုအနေနဲ့ ဒါတွေကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်းပြီး တချိန်မှာ အရေးယူနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ်လို့ ပြောပါရစေဗျ”ဟု ဦးတိုးဇော်လတ်က ဆိုသည်။

စစ်အာဏာသိမ်းမှု အစောပိုင်းကာလ လက်နက်ကိုင်တော်လှန်ရေး အားမကောင်းခင်ကတည်းက စစ်အုပ်စုသည် သတင်းသမားများနှင့် ပတ်သက်၍ သတင်းအမှား ဝါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့ပြီး သတင်းသမားများမှ သတင်းအလုပ်လုပ်ကိုင်ရင်း အကြမ်းဖက်ဖမ်းဆီးခံရသည့် သာဓကများစွာရှိကြောင်း DVB သတင်းဌာန လက်ထောက်အယ်ဒီတာ မခင်ရူပါက ပြောသည်။

“လက်နက်မဲ့တဲ့ သတင်းထောက်တွေအပေါ် အကြမ်းဖက်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ ပုဒ်မ အမျိုးမျိုးတပ်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်တာ အကုန် သက်သေတွေလည်း အခိုင်အမာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

နယ်စည်းမခြားသတင်းသမားအဖွဲ့(RSF)၏ ၂၀၂၄ ညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် သတင်းမီဒီယာလွတ်လပ်ခွင့်အဆင့် ၁၇၁ နေရာတွင် ရပ်တည်နေပြီး တရုတ်နိုင်ငံပြီးလျှင် သတင်းသမားများကို ထောင်ချသည့်အရေအတွက် ဒုတိယအများဆုံး နိုင်ငံအဖြစ် စာရင်းဝင်သည်။ သို့တိုင် နိုင်ငံ၏လူဦးရေနှင့် သတင်းထောက်များကို ထောင်ချသည့်အရေအတွက်် အချိုးအရဆိုလျှင် ကမ္ဘာပေါ်တွင် သတင်းထောက်များကို ထောင်သွင်းအကျဥ်းချမှုအများဆုံးမှာ မြန်မာနိုင်ငံဖြစ်ကြောင်း RSF က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။