ထားအိ/People’s Spring
ထိုင်းအစိုးရသည် မြန်မာ့ပဋိပက္ခအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် ဘတ် ၉သန်း ထပ်မံလှူဒါန်းကြောင်း သိရသည်။
မကြာသေးမီက လာအိုနိုင်ငံ ဗီယန်ကျင်းတွင် ကျင်းပခဲ့သော ၅၇ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးကာလအတွင်း ထိုင်းနိုင်ငံ အိမ်စောင့်နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂျီအမ်ပွန်ဆာက မြန်မာနိုင်ငံကို လူသားချင်းစာနမှုအကူအညီပေးရန် ကတိပြုခဲ့ပြီးနောက် ယမန်နေ့(သြဂုတ် ၂၆ရက်)တွင် နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်က ထိုင်းအစိုးရကိုယ်စား အာဆီယံ၏ AHA စင်တာမှတဆင့် မြန်မာပြည်သူများကို ကူညီထောက်ပံ့ရန် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်၂၀၂၁ စစ်အာဏသိမ်းမှုအပြီး ထိုင်းအစိုးရသည် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းကို ပံ့ပိုးရန် အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀(ဘတ် ၁၅.၇၅ သန်း) ပေးအပ်ပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် Ms Eksiri က ပြောသည်။ အဆိုပါ ရန်ပုံငွေများကို ကုလသမဂ္ဂအေဂျင်စီများနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သို့သော် ထိုင်းအစိုးရသည် ၂၀၂၄ မတ်လက စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှတဆင့် စစ်ဘေးရှောင်များအတွက် ဆိုကာအကူအညီများပေးပို့ခဲ့သော်လည်း ထိုအကူအညီများမှာ စစ်ကောင်စီထိန်းချုပ်ဒေသများမှသူများကိုသာပေး၍ အမှန်တကယ် စစ်ဘေးရှောင်နေရကာ ဒုက္ခရောက်နေသူများထံမရောက်ကြောင်း ဝေဖန်မှုများစွာထွက်ပေါ်ခဲ့သည်။ထိုနောက် ယခုအကြိမ်တွင် AHA စင်တာမှတဆင့် ကူညီခြင်းဖြစ်သည်။
“ထိုင်းအစိုးရဟာ အခုလို ထည့်ဝင်ကူညီတဲ့ လူသားချင်းစာနာမှု အထောက်အပံ့ကို တိုးမြှင့်ပေးအပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ AHA စင်တာက အကူအညီရဖို့ ခက်ခဲတဲ့ ဒေသတွေမှ ဘေးသင့်ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဝေပေးပါလိမ့်မယ်” ဟု Ms Eksiri က ပြောသည်။
AHA စင်တာ အမှုဆောင်ဒါရိုက်တာ Lee Yam Ming က မြန်မာပြည်သူများ အကျိုးအတွက် အာဆီယံနှင့်အတူ ထိုင်းနိုင်ငံ၏ အပြုသဘောဆောင် ထိတွေ့ဆက်ဆံ၊ ပူးပေါင်းပါဝင်မှုက AHA စင်တာကို ခွန်အားဖြစ်စေကြောင်း ပြောသည်။
“ထိုင်းနိုင်ငံရဲ့ကတိကဝတ်က COVID-19 တုန့်ပြန်ရေး ချက်ခြင်းလိုအပ်ချက်ကို လုပ်ဆောင်ပေးခဲ့တဲ့ Phase 1 အောင်မြင်တဲ့အကောင်အထည်ဖော်မှုကို ထင်ဟပ်စေရုံသာမက မြန််မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီ ကျယ်ကျယ်ပြန့်ပြန့်လိုအပ်ချက်တွေကို ဖြေရှင်းမယ့် Phase 2 အတွက် ဆက်လက် အထေက်အပံ့ဖြစ်စေပါတယ်” ဟု Lee. Yam Ming က ပြောသည်။
AHA စင်တာက ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရှိ စစ်ဘေးရှောင်ပြည်သူများထံအကူအညီများ ပေးပို့ခဲ့ဖူးသည်။
ကိုးကား – Bangkok Post