Connect with us

Hi, what are you looking for?

သတင်း

တောင်ခမ်း အမြောက်တပ်(၉၀၂)အပါအဝင် အမြောက်တပ်များမကျရေး စစ်ကောင်စီ လေကြောင်းမှ ပြင်းထန်စွာခုခံ

မစခ(၉၀၂)တပ်ရင်း ဗဟိုကင်းအပါအဝင် ၉၀ ရာခိုင်နှုန်းကျရှုံးကာ ဆုတ်ခွာရန် စုဖွဲ့နေဟုဆို

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)နှင့် PDF ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာ အခြေစိုက် အမှတ်(၉၀၂)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ကြောင်း TNLAက အသိပေးသည်။

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ (၉၀၂)တပ်စခန်း၊ (၄၀၆)တပ်စခန်းနှင့် (၂၀၆) တပ်စခန်းတို့တွင် TNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေး ခုခံခဲ့သည်ဟု ဆိုသည်။

အင်းဖိုကျေးရွာနှင့် တောင်ခမ်းကျေးရွာ၌ စစ်ကောင်စီ (၉၀၂) တပ်စခန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ Y12 ဖြင့် (၃)ကြိမ် ၊ ဗုံး (၁၀၀) လုံး၊ ဂျက်ဖိုက်တာ (၄)ကြိမ်၊ ဗုံး (၆)လုံး၊ မိုင်တိုင် (၇)တွင် ဂျက်ဖိုက်တာဖြင့် တစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တောင်ခမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်သူအချို့ကလည်း လူမှုကွန်ရက်တွင် စစ်ရေး အခြေအနေကို အသိပေးထားရာ မစခ(၉၀၂) တပ်ရင်း ဗဟိုကင်း၊ အိမ်ထောင်သည်လိုင်း၊ အရာရှိကြီးများ အိမ်ရာ၊ အရာရှိ ရိပ်သာကျရှုံးပြီးဖြစ်သည်ဟု ဆိုသည်။

ဆုတ်ခွာရန် စုဖွဲ့နေရပြီး (၉၀၂)တပ်ရင်းကို TNLAက ၉၀ရာခိုင်နှုန်းရရှိထားသည်ဟု အသိပေးထားသည်။

အမြောက်တပ်(၂၀၆)တပ်လည်း ကျရှုံးမည့် အခြေအနေရှိပြီး အမတ(၄၀၆)၌ တိုက်ပွဲပြင်းထန်နေကြောင်း၊ အမတ(၃၅၄)၌ ထိတွေ့မှုရှိကြောင်းလည်း လူမှုကွန်ရက်၌ရေးသားထားသည်။

အမြောက်တပ်ရင်းများရှိရာ တောင်းခမ်းရွာအနီးရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ထိုးစစ်တင်တိုက်ခိုက်နေသည်မှာ ဇူလိုင်လကုန်ပိုင်းကတည်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း၌ တောင်းခမ်းရွာရှိ အမြောက်တပ်ရင်းများအား ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၅ရက်ကစပြီး တိုက်ပွဲပြင်းထန်နေသည်။ ထို့ကြောင့် ယင်းနေရာသို့ ပြင်ဦးလွင်မြို့ အခြေစိုက် သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်(သသန)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

” ၃၅၄တပ်ပဲ နည်းနည်းကျန်တယ်လို့ကြားရတယ်။ ကျန်တပ်စခန်းတွေအားလုံးထိန်းချုပ်ထားနိုင်တယ်ကြားတယ်”ဟု နောင်ချို PDFမှ ရဲဘော်တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သားများသည် တောင်းခမ်းကျေးရွာအနီးရှိ တောတောင်ကြားများတွင်လည်း ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

“တောင်းခမ်းဘက်လည်း မကြာခင် အောင်မြင်တော့မှာပါ”ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် တောင်းခမ်းတိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသော ရဲဘော်တစ်ဦးကလည်း ၉၀၂၊၄၀၆ နှင့် ၃၅၄ တပ်ရင်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု အသိပေးသည်။ စစ်ကောင်စီက လေကြောင်းပစ်ကူများလည်း ဆက်တိုက်အသုံးပြုနေသည်ဟုသိရသည်။

တောင်ခမ်းတိုက်ပွဲအပါအဝင် စစ်ရေးအခြေအနေများ မေးမြန်းရန် TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားရာသာမက တိုက်ပွဲမရှိသည့်နေရာများကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်းလည်း TNLAက ထုတ်ပြန်ထားသည်။

ရှမ်းမြောက် ကျောက်မဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။

TNLA သိမ်းပိုက်ထားပြီးဖြစ်သည့် ကျောက်မဲမြို့ကို စစ်ကောင်စီက ဩဂုတ် ၂၇ရက်ည ၁၁နာရီခွဲတွင် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ်(၉) ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး ပွဲချင်းပြီးသေဆုံးကာ အမျိုးသား ၂ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောက်မဲ အမှတ်(၉)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း နှင့် ဒေသခံ နေအိမ် (၅)လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၂၇ရက် နံနက်ကလည်း သီပေါမြို့အတွင်းသို့ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး (၅၀)ကျော်လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ နှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။ ထို့ပြင် စာသင်ကျောင်းနှင့် နေအိမ်များထိမှန်ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ဆန်မြို့များရှိ ပြည်သူလူထုများအား ဦးတည်ပြီး လေကြောင်းဖြင့် လိုက်လံဗုံးကြဲ တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု များ ရှိခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ်များစွာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

TNLA အနေဖြင့် ၁၀၂၇စစ်ဆင်ရေး အပိုင်း(၂)ကို ဇွန်လ ၂၅ရက်တွင် စတင်ခဲ့ရာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့များကိုအပြီးသတ်သိမ်းရထားသည်။ ထို့ပြင် သီပေါမြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။