Connect with us

Hi, what are you looking for?

သတင်း

တရုတ်က တိုက်ပွဲချက်ချင်းရပ်ရန်ခြိမ်းခြောက်ထားသော်လည်း TNLAနှင့် စစ်ကောင်စီ တောင်ခမ်း၌ တိုက်ပွဲဆက်ဖြစ်

သီပေါမြို့တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(စက်တင်ဘာ ၂ရက်) နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာ၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တောင်ခမ်းဒေသ တိုက်ပွဲအခြေအနေကိုမေးမြန်းရာ လွေးယေဦးက “ဒီကနေ့အထိတော့ တောင်ခမ်းမှာတော့ တိုက်ပွဲတွေ နေ့စဉ်နေ့တိုင်းဖြစ်ပွားနေတာဖြစ်တယ်။ ဒီနေ့လည်း တိုက်ပွဲတွေဖြစ်ပွားနေတာရှိပါတယ်”ဟု ပြောသည်။

တိုက်ပွဲအခြေအနေအသေးစိတ် နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်ခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမ(၄၀၆)တို့တည်ရှိပြီး လက်ရှိတွင် မစခ-၉၀၂၌ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်ရင်း (၂)ခုဖြစ်သည့် အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးဟု TNLAက သြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။

ထိုသို့ စစ်ကောင်စီတပ်ရင်းများသိမ်းပိုက်နိုင်ရေး တိုက်ခိုက်နေသည့် အခြေအနေတွင် ဩဂုတ် ၂၉ရက်၌ တရုတ်အစိုးရက TNLAထံ စာတစ်စောင်ပေးပို့ခဲ့ရာ တိုက်ပွဲများ ချက်ချင်းရပ်ရန် နှင့် မရပ်ပါက ဆုံးမမည်ဟု ခြိမ်းခြောက်စာပေးပို့ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်စာအပေါ် TNLA အဖွဲ့တွင်း၌ ဆွေးနွေးနေဆဲဖြစ်ကြောင်း အသိပေးထားသကဲ့သို့ တောင်ခမ်း၌လည်း တိုက်ပွဲများနေ့စဉ် ဆက်ရှိနေကြောင်း TNLAက အတည်ပြုသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီက TNLAက ထိန်းချုပ်ထားသည့် သီပေါမြို့ကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ဩဂုတ် ၃၁ရက် နံနက်တွင် စစ်ကောင်စီက ပြည်သူရှိရာ ဦးတည်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် သီပေါမြို့နယ် ညောင်ကိုးပင်ရပ်ကွက်တွင် ကျရောက်ပေါက်ကွဲပြီး အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် စက်တင်ဘာ ၁ရက်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကုံစုံ(လီဆူ)ရွာရှိ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ အသက်(၄၇)နှစ် အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ခဲ့သည်ဟု ဆိုသည်။

သီပေါမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဩဂုတ် ၁ရက်မှ ယခု စက်တင်ဘာ ၂ရက်အထိ တစ်လကျော်အတွင်း အရပ်သား ၂၂ဦး သေဆုံးကာ ၆၀ကျော် ဒဏ်ရာရခဲ့ကြောင်းလည်း TNLAက ထုတ်ပြန်သည်။

TNLA အနေဖြင့် သီပေါမြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ မြို့ကို ထိန်းချုပ်ထားနိုင်ပြီး ကျန်နေသည့် စစ်ကောင်စီတပ်စခန်းများ၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။