စောနွေဦး/People’s Spring
စက်သုံးဆီအရောင်းဆိုင်များတွင် ဆီဝယ်ယူသောကားများကို အကြိမ်ရေအကန့်အသတ်ဖြင့် သာဝယ်ယူခွင့်ရှိမည့်စမတ်ကတ်စနစ်ကို မကြာခင်စတင်တော့မည်ဖြစ်ကြောင်းစက်သုံးဆီလုပ်ငန်းရှင်များထံမှသိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေနည်းပါးလာပြီ စစ်ကောင်စီက ဒေါ်လာကို လက်နက်နှင့် လေယာဥ်ဆီဝယ်ယူရန်သာအသုံးပြုလိုပြီး အများပြည်သူအတွက် အသုံးမပြုလိုသဖြင့်စက်သုံးဆီဝယ်ယူရန် ဒေါ်လာပိုမိုရှားပါးလာသည်။ နိုင်ငံခြားငွေရှားပါးသဖြင့် ပြည်ပမှစက်သုံးဆီဝယ်ယူတင်သွင်းနိုင်မှု နည်းပါးသောကြောင့် စက်သုံးဆီပြတ်
လပ်မှုများမကြာခဏဖြစ်နေသည်။ထိုကြောင့်စစ်ကောင်စီကစက်သုံးဆီရောင်းချမှုကို ယခင် စစ်အာဏာရှင်များခေတ်ကကဲ့သို့ ဆီစာအုပ်ဖြင့် ဝယ်ရသောစနစ်မျိုးကို စမတ်ကတ်အဖြစ်ပြန်အသွင်ပြောင်းအသုံးပြု၍ဆီရောင်းဝယ်မှုအပေါ်ကန့်
သတ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ ကားတွေကို ဆီသတ်မှတ်နှုန်းအတိုင်းပဲရောင်းပေးတော့မယ့်သဘောမျိုးပါ”ဟု ၎င်းကဆိုသည်။
ထိုစနစ်ကိုပြန်ကျင့်သုံးရန် စစ်ကောင်စီက ဆွေးနွေးနေဆဲဖြစ်ပြီး လက်တွေ့အကောင်ထည်ဖော်မည့်နေကို ထုတ်ပြန်ပေးသွားမည်ဟု အခြားလုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။
“ဒီစနစ်က အရင် အာဏာရှင်ဟောင်းတွေခေတ်က စနစ်ပဲ။ စက်သုံးဆီလည်းမကြာခင် မှောင်ခိုဈေးကွက်ကြီးတစ်ခုဖြစ်လာတော့မယ်လို့ ကြိုတင်နိမိတ်ဖက်ရမယ်”ဟု စက်သုံးဆီဆိုင်အရောင်းမန်နေဂျာတစ်ဦးကပြောသည်။
လက်ရှိတွင် ကားတစ်စီးကို ကျပ် ၅၀,၀၀၀ ဖိုးသာဆီဆိုင်များကရောင်းနေသည်ဟုလည်း ကားပိုင်ရှင်တစ်ဦးကပြောသည်။
ဆီပြတ်လပ်ပြီး စက်သုံးဆီဆိုင်များတွင် ဆီဝယ်ရန် ကားများ အချိန်ကြာမြှင့်စွာ တန်းစီစောင်ဆိုင်းရမှုသည် မကြာခဏဖြစ်ပွားနေပြီး ဩဂုတ်လကုန်ပိုင်းမှစ၍ ယခုရက်ပိုင်းတွင် ဆီဆိုင်များ၌ ကားတန်းရှည်ကြီးများ ပြန်လည် ဖြစ်နေပြန်သည်။
စစ်ကောင်စီတွင် နိုင်ငံခြားငွေလိုအပ်ချက်ရှိနေ၍ ဆီတန်းစီရသည့် ယာဉ်တန်းရှည်ကြီးများဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စက်တင်ဘာ ၃ ရက်တွင် စက်သုံးဆီ ဆိုင်တွင် စစ်ကောင်စီက တရားဝင်သတ်မှတ်ပေးသော ဈေးနှုန်းများ မှာ ဓာတ်ဆီများဖြစ်သည့် အောက်တိန်း ၉၂ တစ်လီတာကို ၃၁၀၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ကျပ် ၃၂၄၀ ၊ ဒီဇယ်တစ်လီတာကို ၂၆၅၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ကျပ် ၃၂၉၅ရှိလာသည်။ ထိုဈေးနှုန်းများသည် စစ်တပ်အာဏာမသိမ်းခင်ကထက် ၆ဆ မှ ၈ဆခန့်အထိ ဈေးတက်လာခြင်းဖြစ်သည်။
ဒေါ်လာနည်းပါးမှုကြောင့်ပင် စစ်ကောင်စီက စားအုန်းဆီ တင်သွင်းမှုကိုလျှော့ချ ကန့်သတ်လိုက်သဖြင့်ပြည်တွင်း၌ စားအုန်းဆီပြတ်လပ်မှု ဆိုးရွာစွာဖြစ်နေပြီး စက်တင်ဘာလဆန်းမှစ၍ စားအုန်းဆီကို အိမ်ထောင်စုအလိုက် စာအုပ်ဖြင့် အကန့်အသတ်ဖြင့် ဝယ်ရသောစနစ်ကိုစတင်ကျင့်သုံးနေသည်။