Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်အောက်ခံ ရှမ်းပြည်သူ့စစ် ရာနှင့်ချီ SSPPနှင့် ပြန်ပူးပေါင်း

စစ်ကောင်စီ လက်အောက်ခံ စိန်ကျော့ပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် ပြန်လည်ပူးပေါင်းသွားကြောင်း ရှမ်းသတင်းရင်းမြစ်က ပြောသည်။

စိန်ကျော့ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ထံ ပူးပေါင်းလာစဉ်။ ဓာတ်ပုံ - SSPP

ဟန်နွေ/People’s Spring

စစ်ကောင်စီ လက်အောက်ခံ စိန်ကျော့ပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် ပြန်လည်ပူးပေါင်းသွားကြောင်း ရှမ်းသတင်းရင်းမြစ်က ပြောသည်။

SSPPနှင့် ပူးပေါင်းလာသည့် ပြည်သူ့စစ်များသည် ယခင်ကတည်းက SSPPနှင့်တစ်ဖွဲ့တည်းဖြစ်ပြီး ၂၀၁၀ ပတ်ဝန်းကျင်က အဖွဲ့ကွဲကာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းသွားသည့် အဖွဲ့များဖြစ်သည်ဟု ဆိုသည်။ ပူးပေါင်းလာသည့် ပြည်သူ့စစ် အင်အားသည် ရာကြီးဂဏန်း အရေအတွက်ရှိသော်လည်း အရေအတွက် အတိအကျ မသိဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စိန်ကျော့ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ထံ ပူးပေါင်းလာစဉ်။ ဓာတ်ပုံ – SSPP

” သူတို့က အရင်တုန်းက တပ်မဟာသုံးခုရှိတယ်။ ၁၊ ၃၊ ၇ပေါ့။ ၂၀၁၀ ဧပြီလမှာ ပြည်သူ့စစ်လုပ်မယ် မလုပ်ဘူးဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့တွေ ကွဲသွားတယ်။ တပ်မဟာ ၃နဲ့ ၇က ပြည်သူ့စစ်လုပ်တယ်။ ၁ကတော့ SSPPဆိုပြီး ပြန်ပြီး ရပ်တည်တယ်။ အခု ၁၀၂၇မှာ သူတို့ ပြန်ပြီး စိတ်ပြောင်းသွားတယ်နဲ့ တူတယ်။ ၃အောက်မှာရှိတဲ့ တပ်ရင်းတွေရယ် နောက်သူတို့ရဲ့ ဌာနချုပ်စခန်း စိန်ကျော့ပေါ့နော် မိခင်ဌာနချုပ်စခန်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရယ် အဲဒီ နှစ်ဌာနပေါင်းပြီးတော့မှSSPP အဖြစ် ပြန်ခံယူသွားတယ်။”ဟု ရှမ်းသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ပြည်သူ့စစ်များ SSPPထံ လက်နက်အပြည့်အစုံဖြင့် ပူးပေါင်းလာမှုကို SSPPက ရှမ်းဘာသာဖြင့် ထုတ်ပြန်ထားရာ အသေးစိတ် အခြေအနေများ မေးမြန်းရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဆိုင်းစုနှင့် ဗိုလ်မှူးကြီးစိုင်းဖုန်းဟန်တို့ထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆက်အသွယ်မရသေးပေ။

ပြည်သူ့စစ်များအနေဖြင့် လွန်ခဲ့သည့် လအနည်းငယ်အတွင်းကတည်းက SSPP တံဆိပ် များ ပြောင်းဝတ်နေသည်ဟု ရှမ်းသတင်းရင်းမြစ်က ပြောသည်။

“၁၀၂၇ စတာနဲ့ ချက်ချင်း SSA/SSPP ဘက်တံဆိပ်တွေ ပြောင်းဝတ်ပြီး တော်လှန်ရေး လုပ်ဖို့ စကစကိုတိုက်ဖို့ သူတို့ ရယ်ဒီလုပ်ထားပြီးသား။နောက်ပိုင်းတော့ SSPPရဲ့ မဟာမိတ် ဆက်ဆံရေး

အခြေအနေကြောင့်ထင်တယ် သူတို့ တိုက်တာ ခိုက်တာမျိုးမဟုတ်ဘဲနဲ့ အခြားတနည်းနဲ့ တော်လှန်ရေးကိုပါနေတာ။ ပြီးခဲ့သည့် ၁လကျော်လောက်ကတည်းက သူတို့က မူရင်း ပြန်ဖြစ်ပြီးသား အခုမှ တရားဝင် ထုတ်ဖော်ပြောကြားတာနဲ့တူပါတယ်”ဟု ရှမ်းသတင်းရင်းမြစ်က ပြောသည်။

ပြည်သူ့စစ်များ SSPPထံ ပူးပေါင်းမှုကို စစ်ကောင်စီဘက်က သိနိုင်မည်ဖြစ်သော်လည်း ဘာမှ တက်နိုင်မည်မထင်ဟုလည်း ၎င်းကပြောသည်။

“သူ(စစ်ကောင်စီ)မတက်နိုင်တော့ဘူးလေ။ လားရှိုးမှ မရှိတော့တာ။ သူတို့က လားရှိုးနဲ့ ဆက်ဆံရတာကိုး။ သူတို့ဌာနချုပ်က သီပေါနယ်ထဲမှာ။ အခု သီပေါမရှိတော့ဘူး။ ရမခ မရှိတော့ဘူးဆို သူတို့လည်း လွတ်ပြီကျွတ်ပြီပေါ့။ နဂိုရ်ကတည်းကလည်းသူတို့တွေက လှိုက်လှိုက်လှဲလှဲစိတ်ပါပြီးလုပ်ကြတာမှ မဟုတ်တာ”ဟု ရှမ်းသတင်းရင်းမြစ်ကပြောသည်။

SSPP အနေဖြင့် လက်ရှိတွင် စစ်ကောင်စီကို တိုက်ခိုက်သည့် တိုက်ပွဲများ ဆင်နွှဲမှုမရှိသေးဘဲ ရှမ်းအချင်းချင်းကြားသာ တိုက်ပွဲများ ဖြစ်ပွားနေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။

“စကစကို မတိုက်ဘဲနဲ့ RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ) နဲ့ တိုက်နေတာကြီးက ပိုဆိုးတာပေါ့။ ရှမ်းတမျိုးသားလုံးလည်း နည်းပေါင်းတစ်သိန်းနဲ့ ဆဲနေတာပဲ သူတို့ နှစ်ဖွဲ့(SSPPနှင့်RCSS)ကို။ တော်လှန်ရေးထဲ ပါတာ မပါတာ တစ်ပိုင်း။ လောလောဆယ် ရှမ်းတပ်အချင်းချင်းချနေရတာကို အဓိပ္ပါယ်မရှိဘူး။ ဦးနှောက်အင်မတန်နည်းရာကျတယ်လေ။ Proxy ဆိုတာဗမာပြည်တစ်ပြည်လုံးအနေနဲ့ မစဉ်းစားနဲ့အုံး ရှမ်းတစ်ခုတည်းတောင်အဲဒီ Proxy warကနေမကျော်ဖြတ်နိုင်ဘူး။ မရုန်းထွက်နိုင်ဘူး။ သူတို့ကိုယ်တိုင် Proxy မိနေတယ်ဆိုတာ။ ဒါပေမဲ့ သူတို့ ဝန်မခံကြဘူးနှစ်ဖွဲ့စလုံး”ဟု ရှမ်းသတင်းရင်းမြစ်က ပြောသည်။

SSPPသည် ၀လက်နက်ကိုင်တပ်ဖွဲ့(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် အဖွဲ့များဖြစ်သည်။ တစ်ဖက်တွင်လည်း FPNCC အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရက္ခိုင်(AA) တို့သည် ၂၀၂၃ နှစ်ကုန်ပိုင်း၌ တရုတ်နိုင်ငံက တိုက်ဖျက်နေသည့် အွန်လိုင်းလိမ်လည်လုပ်ငန်း ကို အကြောင်းပြပြီး မြန်မာ -တရုတ်နယ်စပ်ရှိ စစ်ကောင်စီစခန်းများ၊ မြို့များကိုတိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် ဩဇာသက်ရောက်မှု အထိုက်အလျောက်ရှိနေသကဲ့သို့ စစ်ကောင်စီကိုလည်း ထောက်ခံပံ့ပိုးမှုများ ပြုလုပ်လျက်ရှိသည်။ လက်ရှိတွင်လည်း တရုတ်သည်တိုင်းရင်းသားတော်လှန်ရေးတပ်များကို တိုက်ပွဲရပ်ရန်၊ စစ်ကောင်စီနှင့် ဆွေးနွေးရန် ဖိအားပေးမှုများ ပြုလုပ်နေပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ အပြင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွးမှုတွေရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က ပြောပါတယ်။

သတင်း

နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ့လုံခြုံမှုရှိစေရေးတို့အတွက် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းတို့နဲ့ ထိတွေ့ဆက်ဆံညှိနှိုင်းကာ ပြည်ထောင်စုတွင်းပကတိဖြစ်တည်နေသော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်အဖြေရှာ ဖြေရှင်းသွားဖို့ ဆုံးဖြတ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။