ရဲခေါင်/People’s Spring
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေကြေကြရသည့် အပြစ်မဲ့ပြည်သူများအပေါ် ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့ ဆက်လက်လွယ်လင့်တကူမျက်ကွယ်မပြုဘဲ လက်တွေ့ကျပြီး ထိရောက်သော အရေးယူဆောင်ရွက်မှုများ ဖော်ဆောင်ပေးကြရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (UN member states )၊ ဥရောပအဖွဲ့ဝင်နိုင်ငံများ(EU)နှင့် အရှေ့တောင်အာရှ အဖွဲ့ဝင် နိုင်ငံများ(ASEAN)အား ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က တောင်းဆိုသည်။
ယမန်နေ့(စက်တင်ဘာ ၅ ရက်)တွင် ဖယ်ခုံမြို့နယ်အနောက်ခြမ်း လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီက ပေါင်(၅၀၀)ဗုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အသက် (၂) နှစ်နှင့်အထက်ရှိ ကျောင်းနေကလေးများအပါအဝင် အမျိုးသမီးများ အပြစ်မဲ့ပြည်သူ စုစုပေါင်း ၉ သေဆုံးခဲ့ရပြီး စုစုပေါင်း ၂၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သည်ဟု IECက ထုတ်ပြန်သည်။ ထိုဖြစ်ရပ် ဖြစ်ပေါ်အပြီးတွင် စစ်ကောင်စီလုပ်ရပ်အား အရေးယူပေးရန်အထက်ပါအတိုင်း ထုတ်ပြန်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“အစုလိုက်၊ အပြုံလိုက်ပြည်သူတွေ သေစေခဲ့တဲ့ စစ်ကောင်စီလုပ်ရပ်တွေအပေါ် မှတ်တမ်းတွေသေချာလုပ်ထားတယ်။ ပြည်တွင်းမှာတော့ ဒီအချက်အလက်တွေဟာ စစ်ကောင်စီကို အရေးမယူနိုင်သေးတဲ့ အခင်းအကျင်းကာလမှာ ဆိုပေမယ့် နိုင်ငံတကာမှာတော့ လူသားမျိုးနွယ်ကိုဖြစ်စေ၊လူအစုအလိုက် သေကြေပျက်စေနိုင်တဲ့ လုပ်ရပ်တွေအပေါ်တော့ အရေးယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်”ဟု IEC အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေကြေဆုံးရှုံးကြရသည့် အပြစ်မဲ့ပြည်သူများနှင့် ၎င်းတို့၏ ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရကြောင်းလည်း IEC က အသိပေးသည်။
စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအား တမင်အကြံအရွယ်ဖြင့် နည်းလမ်းပေါင်းစုံမှ ကျူးလွန်နေမှု အပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (UN member states )၊ ဥရောပအဖွဲ့ဝင်နိုင်ငံများ(EU)နှင့် အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံများ (ASEAN) အနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား နိုင်ငံအသီးသီးမှ လက်နက်ခဲယမ်းတင်ပို့ရောင်းချမှုကို တင်းကြပ်စွာ ပိတ်ဆို့အရေးယူရန်လည်း တောင်းဆိုသည်။
ထို့အပြင် လေကြောင်းရန်မှ တားဆီးနိုင်ရန် လေယာဉ်ဆီများ တင်ပို့ရောင်းချပေးမှုကို လုံးဝရပ်တန့်ပေးသွားရန် ၊ စစ်တပ်မှကျူးလွန်ခဲ့သည့် လူမျိုးပြုန်းဆိတ်သုန်းစေသော စစ်ရာဇဝတ်မှုများအား ထိရောက်စွာ နိုင်ငံတကာစစ်ခုံရုံးမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်နှင့် ကရင်နီပြည်သူများအပါအဝင် အတိဒုက္ခရောက်နေကြသည့် မြန်မာပြည်သူများ အားလုံးကို လူသားချင်းစာနာထောက်ထားမှု အကူအညီများအား တိုးချဲ့ပံ့ပိုးကူညီပေးသွားရန် IECက မေတ္တာရပ်ခံသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည်သူအပါအဝင် မြန်မာ ပြည်သူတစ်ရပ်လုံးနှင့်အတူ စစ်ကောင်စီကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအား ဥပဒေအရ ကင်းလွတ်ခွင့်မရရှိစေဘဲ တရားမျှတစွာ ကမ္ဘာ့စစ်ခုံရုံးများသို့ တရားစွဲအပြစ်ပေး အရေးယူသွား နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုသည်။
စစ်ကောင်စီက အပြစ်မဲ့ အရပ်သားပြည်သူများ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများအကြိမ်ကြိမ်ကျူးလွန်ခဲ့ရာ ကရင်နီပြည်နယ်အတွင်း ယခု ၂၀၂၄တွင် အရပ်သားပြည်သူ ၂၄ဦး သေဆုံးခဲ့ရပြီး ၄၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း IECက ဆိုသည်။
စစ်ကောင်စီသည် ယမန်နေ့ညပိုင်းတွင် ဖယ်ခုံမြို့အပါအဝင် မြို့နယ်လေးခုတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မ်းပြည်နယ်မြောက်ပိုင်းရှိ နန့်ခမ်းမြို့နှင့် နောင်ချိုမြို့နယ်တို့ကို ယမန်နေ့ည ၁နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နံနက် ၂နာရီ ၄၀မိနစ်တွင် ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)အတွင်းရှိ ကျေးရွာတစ်ရွာကို ထပ်မံလေကြာင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နမ့်ခမ်းမြို့ရှိ ညစျေးအနီးကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံး နှစ်လုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် မြို့ခံ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။ ထို့အပြင် နောင်ချိုမြို့နယ်ရှိ ရွှေမုဌောကျေးရွာကိုလည်း လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ရာ ကလေးတစ်ဦး သေဆုံးခဲ့ရသည်။
ယနေ့ (စက်တင်ဘာ ၆ရက်) နေ့လယ် ၁၂နာရီ ၄၈မိနစ်ခန့်တွင် စစ်ကောင်စီက မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ လက်ယက်မကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ရာ ၆ ဦးသေဆုံးပြီး ပြီး ဒဏ်ရာရသူ သုံးဦးမှာလည်း အသက်အန္တရာယ် စိုးရိမ်နေရကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။