Connect with us

Hi, what are you looking for?

သတင်း

တောင်ခမ်း၌ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် သေဆုံးမှုများနေဟု TNLA ပြော

လေကြောင်းရန် လက်တွေ့ကာကွယ်ပေးနိုင်ရန် ညှိနှိုင်းစရာများ အမြန်ဆုံးအကောင်အထည်ဖော်နေဟု TNLA အသိပေး

ရှေ့တန်းတစ်နေရာမှ TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-TNLA

ကိုပုဂံ၊သတိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် မိုင်(၂၀) ခန့်ဝေးသော စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ရှိရာ တောင်ခမ်းကျေးရွာ၌ တိုက်ပွဲဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီတပ် သေဆုံးမှုများနေသည်ဟု တအာင်းတပ်မတော်(TNLA)၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Springသို့ ပြောသည်။

နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမတ(၃၅၄)တို့၌ တိုက်ပွဲပြင်းထန်နေသည်ဟု လွေးယေဦးက ဆိုသည်။

” တောင်ခမ်းမှာတော့ ဒီနေ့တတ်လာတဲ့ စာရင်းအရဆို ၉၀၂ မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ ပြီးတော့ ၃၅၄ မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်”ဟု လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မစခ-၉၀၂အား သိမ်းပိုက်နိုင်သည်ဟု သတင်းမရသေးကြောင်းနှင့် လက်ရှိတွင် တိုက်ပွဲအတော်လေးပြင်းထန်နေသည်ဟု ၎င်းက ဆက်ပြောသည်။

” နေ့ရောညရော ပြင်းထန်နေပါတယ်။ အဲဒီမှာဆိုရင် စစ်ကောင်စီဘက်က လေကြောင်းကနေပစ်တာမျိုး ပြီးရင် မြေပြင်မှာလည်း စစ်အင်အားတွေ ဖြည့်တင်းတာမျိုးကိုလုပ်တာလည်းရှိပါတယ်။ လက်နက်ခဲယမ်းတွေဖြည့်တင်းတာမျိုးတွေလည်း ရှိပါတယ်”ဟု လွေးယေဦးက ပြောသည်။

၎င်းက ဆက်လက်ပြီး” ဒီမှာ အသေးစိတ်တတ်လာတာမသိရသေးဘူး။ တော်တော်လေးအကျအဆုံးများတယ်လို့‌ တော့ကြား‌ သိရပါတယ်”ဟု ပြောသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်ခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် လက်ရှိတွင် မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခုသာကျန်ရှိနေပြီး အဆိုပါတပ်ရင်းနှစ်ခုအား ဆက်လက်သိမ်းပိုက်ရန် တိုက်ခိုက်နေခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာ တောင်ခမ်းကျေးရွာသို့ စစ်ကောင်စီက ပြင်ဦးလွင်မြို့ အခြေစိုက်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်(သသန)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်။

အမြောက်တပ်ရင်းများရှိရာ တောင်းခမ်းရွာအနီးရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ထိုးစစ်တင်တိုက်ခိုက်နေသည်မှာ ဇူလိုင်လကုန်ပိုင်းကတည်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း၌ တောင်းခမ်းရွာရှိ အမြောက်တပ်ရင်းများအား ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၅ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။ တောင်းခမ်းကျေးရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင်ရှိသည်။

ထို့အပြင် ရှမ်းမြောက်ရှိ TNLA သိမ်းပိုက်ထားသော နန့်ခမ်းမြို့နှင့် MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ဗုံးကြဲနေသည်။

လားရှိုးမြို့ ယနေ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး အရပ်သား ၁၂ဦးဒဏ်ရာရရှိခဲ့သည်ဟု ကိုးကန့်တပ်(MNDAA)က အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် MNDAA သိမ်းထားသည့် နယ်မြေများသာမက တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် နမ့်ခမ်း၊ ကွတ်ခိုင်၊ သီပေါ၊ မန်တုံ၊ နမ့်ဆန်နှင့် ကျောက်မဲမြို့စသည့် မြို့နယ်များကိုလည်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုများ ရှိခဲ့ရကြောင်း TNLAက ထုတ်ပြန်သည်။

” ဒီအချိန်မှာတော့ ကျွန်မတို့မြင်တာက စစ်ကောင်စီက စစ်ရေးနိမ့်ပါးလာတော့ အရပ်သားတွေကိုပဲဦးတည်ပြီး တိုက်ခိုက်လာတယ်။ အရပ်သားကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်လာတယ်။ ဒီလိုတိုက်ခိုက်ခြင်းက စစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုကို ပိုပြီးတော့မှ ကြီးလေးတဲ့ ပြစ်မှုမြောက်အောင်ပဲ၊ လူမျိုးတုန်းသတ်ဖြတ်မှု ဒါမှမဟုတ်ရင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအဆင့်ရောက်နေတာ ဖြစ်ပါတယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့အပြင် လေကြောင်းရန်နှင့်ပတ်သက်ပြီး တတ်နိုင်သလောက်ကာကွယ်နေကြောင်းလည်း ၎င်းက ဆိုသည်။

” လေကြောင်းရန်နဲ့ပတ်သက်ပြီး ကျွန်မတို့လုပ်နိုင်တာက လူထုကိုအသိပေးတာမျိုး လူထုတွေ လုံခြုံတဲ့နေရာမှာ နေထိုင်တာမျိုး ၊ ဒါတွေကျွန်မတို့လုပ်ဆောင်နေတာမျိုးတွေ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဒါတွေကမလုံလောက်တယ်ဆိုတာကိုလည်း ကျွန်မတို့လည်းသိပါတယ်။ လက်တွေ့ကာကွယ်ပေးနိုင်တဲ့ပုံစံမျိုးကိုလည်း ကျွန်မတို့ဘက်က ညှိနှိုင်းစရာတွေ၊ ညှိပြီးတော့ အမြန်ဆုံးပဲ အကောင်အထည်ဖော်နေပါတယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဆင်နွှဲမှု ၂လကျော်အတွင်း စစ်ကောင်စီတပ်က စစ်ဘက်နှင့် မသက်ဆိုင်သည့်အပြစ်မဲ့အရပ်သား ပြည်သူများ နေထိုင်ရာလေကြောင်းတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၂၀၁ဦးသေဆုံးကာ ၂၂၈ ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။