Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့်တွေ့ဆုံသည့် အပစ်ရပ်အဖွဲ့တွင် ကိုယ်စားလှယ်စေလွှတ်ထားခြင်းမရှိဟု PNLO ရှင်းလင်း

အဖွဲ့ ဦးဆောင်မှုကို ဥက္ကဋ္ဌအပါအဝင်ခေါင်းဆောင် ၅ဦး၏ အဆုံးအဖြတ်သာ အတည် ဖြစ်ဟုဆို

၂၀၂၃ ဒီဇင်ဘာလဆန်းက PNLOအခြေပြုဒေသအတွင်း စစ်ရှောင်လာသော ကရင်နီဒေသခံများအား စားနပ်ရိက္ခာ ဖြန့်ဝေပေးနေသော PNLOတပ်ဖွဲ့ဝင်များ။ဓာတ်ပုံ-PNLA Info

ဟန်နွေ/People’s Spring

စစ်ကောင်စီနှင့် ယခုနှစ်ဆန်းတွင် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည် ဖော်မှုတွင်ပါဝင်ခြင်းရပ်ဆိုင်းထားပြီး စစ်ကောင်စီနှင့် တွေ့ဆုံသည့် တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့တွင်လည်း ကိုယ်စားလှယ် စေလွှတ်ထားခြင်းမရှိတော့ ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က စက်တင်ဘာ ၁၄ရက်တွင်ထုတ်ပြန်သည်။

PNLO၏ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီတပ်တို့သည် ၂၀၂၄ ဇန်နဝါရီ ၂၁ရက်တွင်တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။ PNLO အနေဖြင့် ၂၀၂၄ ဇန်နဝါရီ ၂၁ရက်မှ စတင်ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းများကို ထိန်းညှိလုပ်ဆောင်ခဲ့ကြောင်း၊ ယခု စက်တင်ဘာ ၁၁ရက် တွင် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအထူးအစည်းအဝေး ကျင်းပကာ အဖွဲ့ချုပ်ကို ဆက်လက်ဦးဆောင်ရန် ဥက္ကဋ္ဌ အဖွဲ့ ၃ဦး၊ အထွေထွေအတွင်းရေးမှူး၊ ဗဟို အလုပ်အမှုဆောင်ကော်မတီ ၁ဦးစုစုပေါင်း ပုဂ္ဂိုလ်၅ဦးတို့အား တာဝန်ပေးခဲ့ကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ဗဟိုကော်မတီဝင်များ၏ သဘောထား ရယူခဲ့ရာ ကော်မတီဝင် ၈၄ ရာခိုင်နှုန်းက ထောက်ခံကြောင်း သဘောထားပေးခဲ့ကြောင်း၊ ထို့ကြောင့် PNLOကို တတိယ အကြိမ် ညီလာခံသက်တမ်းကုန်ဆုံးသည် အထိ ခေါင်းဆောင် ၅ဦးက ဦးဆောင်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ခေါင်းဆောင် ၅ဦးကို တာဝန်ပေးရမသည့် အဓိက အကြောင်းအရင်းမှာ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ရေး ပြန်စတင်ချိန်တွင် အချို့ခေါင်းဆောင်များက ၎င်းတို့ ခံယူချက်အရ လက်နက်ကိုင် တော်လှန်ရေး၌ မပါဝင်ဘဲ နဂိုရ် သွားနေသည့်လမ်းကြောင်းအတိုင်း သွားနေသည့် ခေါင်းဆောင်အချို့ရှိနေ၍ဖြစ်သည်ဟု အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောသည်။

” အဲဒါကြောင့်လည်း ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေး ပြန်စပြီးနောက်ပိုင်းမှာ တချို့သော ခေါင်းဆောင်တွေက စစ်ကောင်စီနဲ့ သွားရောက် တွေ့ဆုံတဲ့ အနေအထားတွေလည်းရှိခဲ့တာပေါ့။ အဲဒီလို တွေရှိတဲ့အခါကျတော့ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်မှု ပြန့်ကြဲနေတဲ့ အနေအထားဖြစ်တာကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ဗဟို အလုပ်အမှုဆောင်အထူးအစည်းအဝေးကနေ ဒီကာလတစ်ခုမှာ ဦးဆောင်ပေး ဖို့ တာဝန်ပေးခဲ့တာဖြစ်တယ်”ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

အဖွဲ့ချုပ်နှင့်သက်ဆိုင်သော လုပ်ငန်းကိစ္စများကို တာဝန်ပေးခံရသော ခေါင်းဆောင် ၅ဦး၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ကြောင်း PNLOက ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယခင်က အဖွဲ့ ကိုယ်စားပြုအဖြစ် လုပ်ငန်းများ ဆောင်ရွက်နေသည့် ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် အဖွဲ့နာယကများ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းထံ မေးမြန်းရာ နာယက အဖွဲ့ကို ရုပ်သိမ်းခြင်းမရှိဟု ပြောပြသည်။

“ဒါပေမဲ့ လုပ်ငန်းတာဝန်တွေကိုတော့ ဒီ ခေါင်းဆောင်ကြီး ၅ဦးရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

အဖွဲ့ ကို ဦးဆောင်မည့် ပုဂ္ဂိုလ် ၅ဦးမှာ ဥက္ကဋ္ဌအဖွဲ့ဝင်များဖြစ်သည့် ဥက္ကဋ္ဌဗိုလ်ချုပ် ခွန်သူရိန်၊ ဒုဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်၊ ဒုဥက္ကဋ္ဌ(၂) ဗိုလ်မှူးချုပ်ခွန်ကျော်ထင်နှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်း ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟိုဒေသန္တရ အုပ်ချုပ်ရေးဌာန ဌာနကြီးမှူး ဒုဗိုလ်မှူးကြီး ခွန်အာဋ္ဌာရတို့ဖြစ်သည်။

PNLO အနေဖြင့် ယခု ၂၀၂၄ ဇန်နဝါရီ ၂၁ရက်တွင် စစ်ကောင်စီနှင့် စစ်ရေးပဋိပက္ခဖြစ်ပွားသည့် အချိန်မှ စတင်၍ NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွင် ပါဝင်ခြင်းရပ်ဆိုင်းသွားပြီး ဖြစ်၍ လက်ရှိကာလတွင် စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသည့် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင်လည်းကောင်း၊ 7 EAO Allianceတွင်လည်းကောင်း PNLOမှ ကိုယ်စားလှယ် ပေးပို့ စေလွှတ်ထားခြင်းမရှိဟု ထုတ်ပြန်သည်။

7 EAO Alliance ဆိုသည်မှာ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည့် ရှမ်းတပ် (RCSS)၊ ကရင်တပ် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ တို့ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်း 7 EAO Alliance တွင် ရခိုင်(ALP)၊ လားဟူ(LDU)၊ နှင့် PNLO ပအိုဝ်းတပ်ဖွဲ့ တို့မှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း တွေ့ရသော်လည်း ယင်းအဖွဲ့များအနက် အချို့ အဖွဲ့များသည် အဖွဲ့တွင်း အကွဲအပြဲဖြစ်ကာ ပါဝင်နေသူ ဖြစ်ပြီး အချို့ အဖွဲ့များသည် ကိုယ်စားလှယ်များစေလွှတ်ခြင်းမရှိဟု အသိပေးထားရာ ရှုပ်ထွေးမှု ရှိနေသည့် စုဖွဲ့မှုဖြစ်သည်။

စစ်ကောင်စီ နှင့် ထိတွေ့ဆက်ဆံမှု လုပ်ဆောင်ခဲ့သည့် ခေါင်းဆောင်များကို အရေးယူဆောင်ရွက်မှု မရှိခဲ့ဟုလည်း ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောပြသည်။

“သူတို့ရဲ့ ခံယူချက် ၊ သူတို့ရဲ့ ယုံကြည်မှုအရ သူတို့ လုပ်တာကို သူတို့ အနည်းစုဖြစ်ပေမယ့် သူတို့ရဲ့ သဘောထားကို ကျနော်တို့လေးစားပါတယ်။ အဓိကကတော့ ကျနော်တို့ အဖွဲ့ချုပ် မူအတိုင်း ဆက်သွားနိုင်ဖို့ အတွက် ဒီခေါင်းဆောင်မှုကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် လုပ်ဆောင်တာပဲဖြစ်ပါတယ်။ စကစနဲ့ တွေ့ဆုံခဲ့တဲ့ ခေါင်းဆောင်တွေကို ခေါင်းဆောင်ကြီး ၅ဦးကနေ တာဝန်ပေးတာမျိုး မရှိဘူးဆိုလို့ရှိရင်တော့ ဆက်လက်ပြီး မလုပ်ဆောင်ဖို့ မတွေ့ဆုံဖို့ ဆိုတဲ့အနေအထားမျိုးပဲဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

PNLO/PNLAသည် ၂၀၂၄ ဇန်နဝါရီမှစ၍ စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ခဲ့ရာယင်းလကုန်ပိုင်း၌ ဆီဆိုင်မြို့ကို အပြီးသတ် သိမ်းနိုင်ခဲ့သည်။ နောက်ပိုင်းတွင် စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး ၊ မြေပြင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ဆီဆိုင်မြို့ကိုပြန်လက်လွှတ်လိုက်သော်လည်း လက်ရှိတွင် မဟာမိတ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။